မန်စီးတီးနဲ့စာချုပ်သက်တမ်းတိုးရေးကိစ္စ နောက်ဆုံးအခြေအနေကို အတိအလင်းပြောဆိုခဲ့တဲ့ ဒီဘရိုင်း
မန်စီးတီးနဲ့စာချုပ်သက်တမ်းခြောက်လသာ ကျန်ရှိတဲ့ ကီဗင်ဒီဘရိုင်းက အသင်းနဲ့စာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်းက အခုဘောလုံးရာသီမစတင်ခင် စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်ထားခဲ့ပေမယ့် စက်တင်ဘာလအတွင်း ဒဏ်ရာရရှိပြီးနောက် ဆွေးနွေးမှုတွေကို ရပ်တန့်ထားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် ဒီဘရိုင်းဟာ နှစ်လကြာ အနားယူခဲ့ရပြီး အဲ့ဒီကာလတွေအတွင်း ဆွေးနွေးမှုတွေကို ခေတ္တဆိုင်ငံ့ထားခဲ့ရပါတယ်။
လာမယ့်ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီဘရိုင်းက ဇန်နဝါရီ ၁ ရက်မှစတင်ပြီး နိုင်ငံရပ်ခြားကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စ လွတ်လွတ်လပ်လပ်ဆွေးနွေးသွားနိုင်ပါလိမ့်မယ်။ ဆော်ဒီပရိုလိဂ်နဲ့ အမေရိကန်မေဂျာလိဂ်တို့ဆီ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမားက လက်ရှိမှာ မန်စီးတီးနဲ့စာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စ တိုးတက်မှုတစုံတရာ မရှိထားပါဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မန်စီးတီးနဲ့လတ်တလောဆွေးနွေးမှုတွေအကြောင်း မေးမြန်းလာချိန် ဒီဘရိုင်းက “မရှိဘူး၊ ဘာမှမထူးခြားသေးဘူး”လို့ ဘွင်းဘွင်းပဲပြောချခဲ့ပါတယ်။ ဒီဘရိုင်းက သူ့ရဲ့ဘောလုံးရာသီကို အနှောင့်အယှက်ပြုနေတဲ့ ဝမ်းဗိုက်ပိုင်းဒဏ်ရာပြဿနာတစ်ခုကြောင့် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေကို မေးမြန်းရာမှာတော့ ဒီဘရိုင်းက “တင်ပါးဆုံရိုးနဲ့ဆက်စပ်ထားတဲ့ အရိုးဒဏ်ရာပါ။ အနည်းငယ်တော့ ကျန်နေသေးလို့ အဆင်မပြေပါဘူး။ ဒါပေမယ့် ဒဏ်ရာနဲ့ပတ်သက်လို့ ကိုယ်လုပ်နိုင်တာလည်း ဘာမှမရှိပါဘူး။ အချိန်ကာလတစ်ခုတော့ စောင့်သွားရပါလိမ့်မယ်။ အခုထက် ပိုကောင်းလာဖို့ မျှော်လင့်ထားပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
သူ့ရဲ့ဒဏ်ရာပြန်လည်သက်သာလာမှုနဲ့ပတ်သက်လို့ စုံစမ်းမေးမြန်းရာမှာ ဒီဘရိုင်းက “ကျွန်တော်လည်း မသိဘူး။ ပြောဖို့တော့ ခက်ပါတယ်။ ဒီဒဏ်ရာကြောင့် ကျွန်တော် အချိန်ကာလတစ်ခု အနားယူခဲ့ရပါတယ်။ ဒီနောက်မှာ ကျွန်တော် ဆယ်ရက်တာကာလအတွင်း ခက်ခဲတဲ့ပွဲစဉ်လေးခုကို ပါဝင်ကစားခဲ့ပါတယ်။ ဒီနေ့အတွက်ဆိုရင်တော့ ကျွန်တော် ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။
မန်စီးတီးအသင်းအထင်ကရကစားသမားတွေအနက် တစ်ဦးဖြစ်တဲ့ ဒီဘရိုင်းရဲ့ထွက်ခွာမှုက အီတီဟတ်ကွင်းမှာ ခေတ်တစ်ခုနိဂုံးချုပ်ခြင်း ဖြစ်လာပါလိမ့်မယ်။ ကလပ်အသင်းများစွာရဲ့စိတ်ဝင်စားမှုနဲ့အတူ သူ့ရဲ့လတ်တလောမတိုးသာမဆုတ်သာအခြေအနေတွေက အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးများစွာကို ပေါ်ပေါက်စေပါတယ်။ အခုလိုကွင်းပြင်ပကိစ္စရပ်တွေရှိနေပေမယ့် ကွင်းလယ်ကြယ်ပွင့်ကတော့ လာမယ့်စနေနေ့၊ ဝက်စ်ဟမ်းနဲ့ရင်ဆိုင်ရမယ့် ပရီမီးယားလိဂ်ပွဲစဉ်အတွက် လေ့ကျင့်ပြင်ဆင်နေပါတယ်။