
တော့တင်ဟမ်ကိုပြောင်းရွှေ့ခဲ့ရာမှာ ကိန်းရဲ့လွှမ်းမိုးမှုပါဝင်ခဲ့တယ်လို့ မက်တီတဲလ် ထုတ်ဖော်ပြောကြား
တော့တင်ဟမ်ကစားသမားသစ် မက်တီတဲလ်က မိမိအနေနဲ့ လန်ဒန်ကလပ်ကိုပြောင်းရွှေ့ခဲ့ရာမှာ ကိန်းရဲ့တိုက်တွန်းမှုပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ကနဦးတုန်းက တော့တင်ဟမ်ဟာ တဲလ်ကိုခေါ်ယူဖို့ ဘိုင်ယန်နဲ့သဘောတူညီမှုရခဲ့ပေမယ့် ကစားသမားက အခြားအသင်းတွေကိုသာ ပြောင်းချင်တာကြောင့် တွေဝေနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အပြင် အာဆင်နယ်ကလည်း ချိတ်ဆက်နေတာကြောင့် ကစားသမားက ရွေးချယ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်မှာတော့ အဆိုပါအသင်းတွေက နောက်ဆုတ်ခဲ့တာကြောင့် တော့တင်ဟမ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ရာသီအကုန်မှာ ပေါင် ၄၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ပါရှိတာဖြစ်ပါတယ်။
ကိန်းကတော့ ၂၀၂၃ တုန်းက တော့တင်ဟမ်ကနေထွက်ခွာခဲ့တာဖြစ်ပြီး တဲလ်ကို အကြံပေးခဲ့တာဖြစ်ပါတယ်။ “သူ(ကိန်း)က တော့တင်ဟမ်က အသင်းကြီးဖြစ်သလို လူကောင်းတွေအများကြီးရှိတယ်လို့ ကျွန်တော့်ကိုပြောခဲ့ပါတယ်။ကွင်းကလည်း အရမ်းကောင်းသလို လေ့ကျင့်ရေးစင်တာကလည်း အရမ်းကောင်းတယ်လို့ ပြောခဲ့ပါတယ်။ မင်းအဲ့ကိုသွားမယ်ဆိုရင် ပျော်ရွှင်မယ်ဆိုတာကိုပါ ပြောခဲ့ပါတယ်။ အရာအားလုံးက အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်”လို့ တဲလ်ကပြောကြားခဲ့ပါတယ်။
ပိုစတီကိုဂလူကလည်း တဲလ်ကိုခေါ်ယူနိုင်ဖို့ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ကစားသမားကို စည်းရုံးနိုင်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟာ ကိန်းကိုမရောင်းခင်တုန်းက တဲလ်ကို စောင့်ကြည့်ခဲ့သေးတာဖြစ်ပြီး အဲ့အချိန်တုန်းက ဘိုင်ယန်ဘက်က လက်လွှတ်ဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဆိုလန်ကီဒဏ်ရာရခဲ့တာကြောင့် တဲလ်အနေနဲ့ တော့တင်ဟမ်တိုက်စစ်ကို ဦးဆောင်ရဖွယ်ရှိနေပြီး လာမယ့်ကြာသပတေးနေ့ လီဗာပူးနဲ့ကာရာဘောင်ဖလားပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။