ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ ယူနိုက်တက်တိုက်စစ်မှူး ဇက်ခ်ဇီကိုခေါ်ယူဖို့ ကမ်းလှမ်းသွားမယ့် ဂျူဗင်တပ်စ်
အီတလီစီးရီးအေကလပ် ဂျူဗင်တပ်စ်ဟာ ယူနိုက်တက်မှာ ပုံစံကောင်းရဖို့ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဂျိုရှူးဝါးဇက်ခ်ဇီကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာရုန်းကန်နေရတဲ့ နယ်သာလန်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နယူးကာဆယ်ကို ၀-၂ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ပထမပိုင်းပွဲကစားချိန် ၃၃ မိနစ်မှာပဲ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေအနေနဲ့ ပေါင် ၃၅ သန်းတန်ကစားသမားကို လူစားလဲခဲ့တဲ့အတွက် ကျေနပ်တဲ့အရိပ်အယောင်တွေပြသခဲ့ကြပြီး ကစားသမားကတော့ အသင်းရဲ့အဝတ်လဲခန်းထဲကို တိုက်ရိုက်ဝင်သွားတာကို မြင်တွေ့ခဲ့ရပါတယ်။
ဇက်ခ်ဇီအနေနဲ့ စောစောစီးစီးလူစားလဲခံခဲ့ရတဲ့အတွက် စိတ်ပျက်နေပုံပေါ်သော်လည်း ဒုတိယပိုင်းအစမှာတော့ အသင်းရဲ့အရန်ခုံတန်းသို့ပြန်လည်ရောက်ရှိလာခဲ့ပြီး ပွဲပြီးဆုံးချိန်အထိ ဆက်လက်ရှိနေခဲ့ပါတယ်။ နည်းပြရူဘင်အာမိုရင်အနေနဲ့ ပွဲအပြီးမှာ ဇက်ခ်ဇီကို အသင်းရဲ့လိုအပ်ချက်အရသာ လူစားလဲခဲ့ရကြောင်း ပြောကြားခဲ့ပေမယ့် အသက်-၂၃ နှစ်သားရဲ့ယူနိုက်တက်ကစားသမားဘဝအနာဂတ်ဟာ မရေရာတဲ့အခြေအနေမှာ ရှိနေပြီဖြစ်ပါတယ်။
နယ်သာလန်သားဟာ ပြီးခဲ့တဲ့ရာသီက ဘိုလော့ဂ်နာမှာ အထူးခြေစွမ်းပြသပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ယူနိုက်တက်သို့ရောက်ရှိလာပြီးနောက်မှာတော့ သိသိသာသာပဲ ခြေစွမ်းကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဘိုလော့ဂ်နာမှာရှိနေစဉ်က ဇက်ခ်ဇီဟာ နည်းပြ သီယာဂိုမော့တာနဲ့ လက်တွဲခဲ့ပြီး ယခုအခါမှာတော့ မော့တာက ဂျူဗင်တပ်စ်ကို ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဒါကြောင့် ဇက်ခ်ဇီအနေနဲ့ ဂျူဗင်တပ်စ်နဲ့ချိတ်ဆက်မယ်ဆိုပါက နည်းပြဟောင်းနဲ့ပြန်လည်လက်တွဲသွားရမှာဖြစ်လို့ တိုးတက်မှုတွေလည်း ပြန်လည်ရရှိနိုင်ချေရှိနေပါတယ်။
ဂျူဗင်တပ်စ်အနေနဲ့ ဇက်ခ်ဇီကိုခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အပြီးသတ်မဟုတ်ဘဲ အငှားစာချုပ်နဲ့သာ ခေါ်ယူလိုတာကြောင့် ကစားသမားသစ်ခေါ်ယူဖို့ ဘဏ္ဍာငွေလိုအပ်နေတဲ့ ယူနိုက်တက်အတွက် အကျပ်ရိုက်စရာတစ်ခုဖြစ်နေတယ်လို့သိရပါတယ်။ ယခုရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲစလုံးပါဝင်ကစားခွင့်ရထားတဲ့ ဇက်ခ်ဇီဟာ အသင်းအတွက် ၃ ဂိုးသာသွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။
နည်းပြအာမိုရင်ကတော့ ဇက်ခ်ဇီကို အသင်းမှာဆက်လက်ထားရှိမယ့်အရိပ်အယောင်အဖြစ် နယူးကာဆယ်နဲ့ပွဲအပြီးမှာ “ကျွန်တော်တို့က အသင်းကောင်းဖို့အတွက် ဘာမဆိုလုပ်သွားရပါမယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ နောက်ထပ်ကွင်းလယ်လူတစ်ယောက်လိုအပ်နေခဲ့ပါတယ်။ ဒီလိုလူစားလဲဖို့က သူ့အတွက်ရော ကျွန်တော့်အတွက်ရော ခက်ခဲတဲ့ဆုံးဖြတ်ချက်ပါ။ ဇက်ခ်ဇီက အရမ်းကောင်းတဲ့ကစားသမားတစ်ယောက်ပါ။အဝတ်လဲခန်းထဲကိုသွားတဲ့လမ်းမှာ သူဘယ်လို ခံစားနေရမလဲ ကျွန်တော်နားလည်ပါတယ်။ ဘဝက ဒီလိုပါပဲ။ ကျွန်တော်တို့ သူ့ကိုအားပေးပြီး ဆက်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။