The network connection is lost.

Banner Image

ဒေါက်ဂလပ်စ်လူးဝစ်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှုရပြီးနောက် ဂရင်းဝုဒ်ကို ဆက်လက်ပစ်မှတ်ထားလာတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ယခုနှစ်နွေရာသီမှာ ကစားသမားသစ်တွေဖြည့်တင်းဖို့ အားကြိုးမာန်တက်လုပ်ဆောင်နေပြီး ယခုအခါမှာတော့ အက်စတွန်ဗီလာကွင်းလယ်လူ ဒေါက်ဂလပ်စ်လူးဝစ်ဇ်ကို ခေါ်ယူဖို့ သဘောတူညီမှုရထားသလို မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ်ကို ခေါ်ယူဖို့လည်း ဦးစားပေးပစ်မှတ်ထားနေတယ်လို့သိရပါတယ်။
 
နည်းပြသစ် သီယာဂိုမော့တာလက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတာကြောင့် ဂျူဗင်တပ်စ်ဟာ ပထမဆုံး ခြေလှမ်းအဖြစ်ကစားသမားသစ်တွေ ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ မော့တာဟာ ပြီးခဲ့တဲ့ရာသီက အီတလီစီးရီးအေနောက်ဆုံးပွဲစဉ် ၂ ပွဲမတိုင်မီထုတ်ပယ်ခံခဲ့ရတဲ့ မက်ဇ်အယ်လီဂရီရဲ့နေရာမှာ အစားထိုးဝင်ရောက်လာတာဖြစ်ပါတယ်။
 
သတင်းတွေအရ ဂျူဗင်တပ်စ်ဟာ ဒေါက်ဂလပ်စ်လူးဝစ်ဇ်ကို ခေါ်ယူဖို့ အခြေခံသဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ အသေးစိတ်အချက်အလက်တွေညှိနှိုင်းဖို့ ကျန်ရှိနေသေးသော်လည်း အရေးပါတဲ့ အချက်တွေကိုတော့ သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့သတင်းတွေက ဆိုပါတယ်။ ဒီအတောအတွင်းမှာပဲ ဂျူဗင်တပ်စ်ဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မေဆင်ဂရင်းဝုဒ်ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ခေါ်ယူဖို့ကြိုးစားနေတယ်လို့ အီတလီအခြေစိုက်သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
 
အသက်-၂၂ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ဂီတာဖေးသို့ အငှားနဲ့ထွက်ခွာခဲ့ပြီး စပိန်ကလပ်အတွက် ၁၀ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်က ဂရင်းဝုဒ်ရဲ့တန်ကြေးကို ယူရိုသန်း ၅၀ အထိသတ်မှတ်ထားပေမယ့် ဂျူဗင်တပ်စ်ကတော့ အင်္ဂလန်သားကို ယူရိုသန်း ၃၀ နဲ့သာ ခေါ်ယူလိုနေပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ကလပ်မှာ ထားရှိလိုနေတာဖြစ်ပါတယ်။
 
ယူနိုက်တက်ကြယ်ပွင့်ဟာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ ထိခိုက်နာကျင်စေမှုတွေကြောင့် အိုးလ်ထရက်ဖို့ဒ်မှာကစားခွင့်မရဘဲ အချိန်အတော်ကြာ ဘောလုံးကစားခွင့်နဲ့ဝေးကွာနေခဲ့ပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ ထိပ်တန်းခြေစွမ်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကြောင်း သက်သေပြထားနိုင်တာကြောင့် ဂျူဗင်တပ်စ်က ခေါ်ယူနိုင်ဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။
 
ယခုလို အရည်အသွေးမြင့်ကစားသမားတွေကို ခေါ်ယူမယ်ဆိုရင်တော့ ဂျူဗင်တပ်စ်အနေနဲ့ အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို မြှင့်တင်ဖို့လိုအပ်တာကြောင့် ကစားသမားအချို့ကို ရောင်းထုတ်သွားရဦးမှာလည်းဖြစ်ပါတယ်။