အလီရှာလေမန်းကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဂျူဗင်တပ်စ် အတည်ပြု
ဂျူဗင်တပ်စ်အသင်းကတော့ ဒေါက်ကလပ်လူးဝစ်ဇ်အပြောင်းအရွှေ့နဲ့အတူ ဗီလာအမျိုးသမီးအသင်းစတား လေမန်းကိုပါ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် လေမန်းဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဗီလာအသင်းကတော့ လူးဝစ်ဇ်အပြောင်းအရွှေ့အတွက် ပြောင်းရွှေ့ကြေးအပြင် ဆမ်မြူရယ် ၊ အန်ဇိုတို့ကိုပါ ရရှိခဲ့တာဖြစ်ပါတယ်။
လေမန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအသင်းအတွက် ၁၅ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး ဒဏ်ရာပြဿနာကြောင့် ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ဂျူဗင်တပ်စ်အမျိုးသမီးအသင်းနည်းပြ ကန်ဇီက သူမရဲ့အလားအလာကို ယုံကြည်တာကြောင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။
“ကျွန်မ အရမ်းပျော်နေပါတယ်။ ဂျူဗီက ကောင်းမွန်တဲ့သမိုင်းကြောင်းရှိနေပါတယ်။ အရိုးသားဆုံးဝန်ခံရရင် ကျွန်မ ကိုယ့်ကားနဲ့ကိုယ် ဆေးစစ်ဖို့သွားချိန်မှာ ပရိသတ်တွေအများကြီးမြင်ရတာ စိတ်လှုပ်ရှားမိပါတယ်။
ဒါပေမယ့် အရာအားလုံးက အဆင်ပြေပါတယ်။ ဒေါက်ကလပ် နဲ့ ကျွန်မ တစ်သင်းတည်းမှာ အတူတူကစားခွင့်ရတာက အိပ်မက်လိုပါပဲ။ ကျွန်မတို့ တခါတလေ မတူညီတဲ့မြို့တွေမှာ ကန်ရပါတယ်။
အခုလိုတူညီတဲ့နေရာတစ်ခုတည်းမှာကစားရမှာက တကယ်ကောင်းတဲ့စွန့်စားခန်းဖြစ်လာနိုင်ပါတယ်။ အသင်းဟောင်းကိုတော့ ကျွန်မဝမ်းနည်းစွာနဲ့ နှုတ်ဆက်ချင်သလို အသင်းဖော်ဟောင်းတွေ ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ချင်ပါတယ်။
ဒီအသင်းမှာကစားခဲ့ရတဲ့ ၃ နှစ်တာကာလအတွင်း မိနစ်တိုင်းကို ကျွန်မနှစ်သက်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ဗီလာရေ။ မင်းတို့အသင်းက ငါ့ရင်ထဲမှာအမြဲတမ်းနေရာတစ်နေရာမှာရှိနေမှာပါ။
ဒီအသင်းမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်”လို့ လေမန်းက ပြောကြားခဲ့ပါတယ်။
လေမန်း နဲ့ ဒေါက်ကလပ်တို့ ၂ ဦးကတော့ တစ်သင်းတည်းမှာ တစ်ဦးနဲ့တစ်ဦးအားပေးရင်း ဆက်ကစားနိုင်တော့မှာဖြစ်ပြီး ယခင်တုန်းကလည်း ဘာမင်ဂမ်မှာ အခုလိုမျိုးအတူတူအချိန်ကုန်ဆုံးခဲ့သေးတာဖြစ်ပါတယ်။