The network connection is lost.

Banner Image

ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ရာထူးအတွက် နာဂယ်စ်မန်းကို ထောက်ခံခဲ့တဲ့ ယာဂန်ကလော့ပ်

ယူရို-၂၀၂၄ မတိုင်ခင် ဂျာမနီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက လက်ရွေးစင်အသင်းနည်းပြ ရာထူးမှ ဟန်စီဖလစ်ခ်ကို ထုတ်ပယ်ခဲ့ပြီးနောက် သူ့ရဲ့နေရာမှာ ဆက်ခံဖို့ ဟော်ဖန်ဟိမ်း၊ လိုက်ပ်ဇစ်နဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း နာဂယ်စ်မန်းကို ပစ်မှတ်ထားနေပါတယ်။
 
ဒီရာထူးအတွက် နှစ်ဖက်ဆွေးနွေးမှုတွေလည်း စတင်နေပြီလို့ သိရပါတယ်။ တစ်နေ့မှာ ဂျာမန်လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာမယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့အတူ ယာဂန်ကလော့ပ်ကိုလည်း ဟန်စီဖလစ်ခ်ရဲ့နေရာမှာ ဆက်ခံပေးဖို့ ကာလရှည်ချိတ်ဆက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကလော့ပ်ကတော့ အန်ဖီးလ်ကလပ်မှာပဲ ဆက်ရှိနေပြီး သူ့ရဲ့သစ္စာရှိမှုကို ဖော်ပြသွားမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
 
ကလော့ပ်က ဂျာမန်လက်ရွေးစင်အသင်းနည်းပြနဲ့ လီဗာပူးအသင်းနည်းပြအဖြစ် ပူးတွဲတာဝန်ယူတော့မယ်လို့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပေမယ့် ကာယကံရှင်ကိုယ်တိုင်ကပဲ ဒီကောလာဟလတွေကို ပယ်ချကာ လက်ရှိအချိန်မှာ လီဗာပူးအတွက်ပဲ အပြည့်အဝအာရုံစိုက်သွားမယ်လို့ ဆိုခဲ့ပါတယ်။
 
ဒါပေမယ့် လာမယ့်နွေရာသီ၊ ဂျာမနီမြေမှာကျင်းပမယ့် ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်ခင် နာဂယ်စ်မန်းကို ဂျာမန်လက်ရွေးစင်အသင်းနည်းပြအဖြစ် ခန့်အပ်သွားဖို့ ယာဂန်ကလော့ပ်က အားပေးထောက်ခံခဲ့ပါတယ်။
 
RTL Deutschland သတင်းဌာနနဲ့တွေ့ဆုံချိန် ယာဂန်ကလော့ပ်က “နာဂယ်စ်မန်းက နည်းပြကောင်းတစ်ဦးဖြစ်လို့ သူက ဒီကိစ္စအတွက် အကောင်းဆုံး အဖြေတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ အသက်အရွယ်လား? ဒါတွေက လုံးဝအရေးမကြီးပါဘူး။ သူက အံ့ဖွယ်နည်းပြကောင်းတစ်ဦးဆိုတာ အသက်-၂၈ နှစ်အရွယ်မှာပဲ သက်သေပြခဲ့ပါတယ်။ သူ့မှာ ရှစ်နှစ်တာအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ အသက် ၄၅၊ ၅၀ လောက်ရှိသူတွေလည်း အမြင့်ဆုံးအဆင့်မှာ ရပ်တည်နေကြတာပဲလေ။ ဒီအတွက် စံသတ်မှတ်ချက်ဆိုတာ မရှိပါဘူး”လို့ ပြောပါတယ်။
 
လက်ရှိအချိန်မှာ သူကိုယ်တိုင်က ဂျာမနီလက်ရွေးစင်အသင်းနည်းပြရာထူးကို ငြင်းဆန်ခဲ့ပေမယ့် အနာဂတ်မှာတော့ ဒီရာထူးအတွက် ဖြစ်နိုင်ခြေတွေကို ကလော့ပ် မပိတ်ထားခဲ့ပါဘူး။ မာဆေးဆိုဒ်ကလပ်နဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတဲ့ ကလော့ပ်က ဂျာမန်လက်ရွေးစင်နည်းပြရာထူးအတွက် အန်ဖီးလ်ကလပ်ကို စွန့်ခွာသွားဖွယ် မရှိပါဘူး။
 
ဒါပေမယ့် သူက လီဗာပူးနဲ့ စာချုပ်သက်တမ်းထပ်မတိုးတော့ဘဲ လက်ရွေးစင်အသင်းနည်းပြ ရာထူး လစ်လပ်နေမယ်ဆိုရင် တာဝန်ယူသွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။