The network connection is lost.

Banner Image

ဘယ်လင်ဟမ်ရဲ့ဒဏ်ရာကို အောင်မြင်စွာခွဲစိတ်ကုသနိုင်ခဲ့ပြီလို့ တရားဝင်ကြေညာလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

ဘယ်လင်ဟမ်က ထပ်ခါတလဲလဲ အဆစ်လွဲမှုဖြစ်ပေါ်နေတဲ့ ပုခုံးဒဏ်ရာကို ခွဲစိတ်ကုသခြင်းဖြင့် အောင်အောင်မြင်မြင်ကျော်လွှားနိုင်ခဲ့ပါပြီ။ ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှာ ပေါ်ပေါက်လာတဲ့ ဒီဒဏ်ရာကြောင့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားက ပုခုံးသိုင်းကြိုးပတ်ကာ အဆင်မပြေမှုများစွာနဲ့အတူ ပွဲစဉ်တွေကို ပါဝင်ကစားခဲ့ပါတယ်။

ဆေးဘက်ဆိုင်ရာအကဲဖြတ်ချက်တွေအရ ဘယ်လင်ဟမ်အတွက် ကြံ့ခိုင်မှုပြည့်ဝလာစေဖို့နဲ့ ယှဉ်ပြိုင်နိုင်စွမ်း ပြန်လည်ရရှိလာစေဖို့အတွက် ရက်သတ္တပတ် ၁၀ ပတ်မှ ၁၂ ပတ်အထိ လိုအပ်မယ်လို့ သိရပါတယ်။ ဒီကာလတွေအတွင်း ဘယ်လင်ဟမ်က လာလီဂါပွဲစဉ်များစွာနဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်အစောပိုင်းပွဲစဉ်တွေကို လွဲချော်သွားပါလိမ့်မယ်။ အင်္ဂလန်အတွက်ဆိုရင်လည်း သူက စက်တင်ဘာ၊ အောက်တိုဘာ နိုင်ငံတကာသီတင်းပတ်တွေအတွင်း အန်ဒိုရာ၊ ဆာဘီးယား၊ လတ်ဗီးယားတို့နဲ့ရင်ဆိုင်ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေမှာ မပါဝင်နိုင်တော့ပါဘူး။

ခွဲစိတ်မှုအောင်မြင်ကြောင်း အတည်ပြုထားတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ကြေညာချက်မှာ “ ဘယ်လင်ဟမ်ရဲ့ ပုခုံးအဆစ်လွဲမှုဒဏ်ရာကို အောင်အောင်မြင်မြင်ခွဲစိတ်ကုသပြီးပါပြီ။ အခုဆိုရင်တော့ ဘယ်လင်ဟမ်က သူ့ရဲ့ပုံမှန်အလုပ်တွေဆီ ပြန်မလာနိုင်ခင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စတင်နေပါပြီ”လို့ ဖော်ပြပါရှိပါတယ်။

ဘယ်လင်ဟမ်ရဲ့ဒဏ်ရာပြဿနာအရင်းအမြစ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ဗယ်လီကာနိုနဲ့ရင်ဆိုင်ရတဲ့ လာလီဂါပွဲစဉ်ဆီ ပြန်သွားရပါလိမ့်မယ်။ ဒီပွဲစဉ်အတွင်း ဘယ်လင်ဟမ်က ဘယ်ပုခုံးဒဏ်ရာရရှိသွားပြီး နောက်ထပ်ပွဲစဉ်လေးခုကို ဆက်တိုက်ဆိုသလို လွဲချော်ခဲ့ပါတယ်။ ပွဲစဉ်တွေကို ပြန်ကစားချိန်မှာလည်း ပုခုံးသိုင်းကြိုးဝတ်ဆင်ထားရလို့ သူ့ရဲ့ဒဏ်ရာပြဿနာ အကင်းမသေသေးဘူးဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

နောက်ပိုင်းရာသီတွေမှာလည်း ဘယ်လင်ဟမ်က နာကျင်မှုဝေဒနာကို အံကြိတ်ကျော်ဖြတ်ရင်း အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်အတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ ဒါပေမဲ့ ခွဲစိတ်ကုသမှုမခံယူဘဲ ဆက်လက်ကစားနေခြင်းရဲ့ အကျိုးဆက်က စိုးရိမ်မှုတွေကို တိုးပွားလာစေပြီး အခုလိုခွဲစိတ်ကုသမှုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ်က သြဂုတ် ၁၉ ရက်မှာ အိုဆာဆူနာနဲ့ရင်ဆိုင်ကစားရင်း လာလီဂါရာသီသစ်ကို စတင်သွားပါလိမ့်မယ်။ ဘယ်လင်ဟမ်ကတော့ ဒီပွဲစဉ်ကို သေချာပေါက်လွဲချော်သွားဖို့ရှိပြီး အောက်တိုဘာ ၂၆ ရက်၊ အယ်လ်ကလက်စီကိုပွဲစဉ်မှာ သူပြန်လည်ကစားနိုင်ဖို့ အနီးစပ်ဆုံးမျှော်လင့်ရပါတယ်။