မိုဆာလက်ရဲ့ လီဗာပူးကစားသမားဘဝအနာဂတ်နဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို ထုတ်ဖော်လိုက်တဲ့ ကာရေဂါ
လီဗာပူးဂန္တဝင်ကာရေဂါက မိုဆာလက်နဲ့ ဗန်ဒိုက်တို့ အန်ဖီးလ်မှာဆက်ရှိနေလိမ့်မယ်ဆိုတဲ့ သူ့ရဲ့အကောင်းမြင်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Sky Sport ဆွေးနွေးခန်းမှာ ကာရေဂါက လက်တလောစာချုပ်သက်တမ်းတိုးမြှင့်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး မိုဆာလက်နဲ့ ဗန်ဒိုက်တို့ရဲ့အခြေအနေကို အတော်လေးစိတ်အေးလက်အေးဖြစ်နေခဲ့ပါတယ်။ လီဗာပူးဂန္တဝင်ကိုယ်တိုင်က လက်ရှိအသင်းကြယ်ပွင့်နှစ်ဦးလုံးကို လာမယ့်နွေရာသီမတိုင်ခင် စာချုပ်သက်တမ်းတိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ထားတာကြောင့် အခုလိုစိတ်အေးလက်အေးဖြစ်နေတာပါ။ အာနိုးလ်ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူဖို့ ချဉ်းကပ်မှုနဲ့အတူ မာဆေးဆိုဒ်မှ ထွက်ခွာသွားဖို့ နီးစပ်နေပါတယ်။
လက်ရှိအနေအထားမှာတော့ အသက်-၃၂ နှစ်အရွယ် မိုဆာလက်နဲ့ အသက်-၃၃ နှစ်အရွယ် ဗန်ဒိုက်တို့က ကလပ်အသင်းမဲ့ကစားသမားအဖြစ် လာမယ့်နွေရာသီမှာ အသင်းမှပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာရပါလိမ့်မယ်။ အထူးသဖြင့် မိုဆာလက်ကိုယ်တိုင်က လာမယ့် ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် အန်ဖီးလ်မှာ ဆက်ရှိနေဖို့ မသေချာသေးဘူးဆိုတဲ့ ထင်မြင်ချက်အပေါ် လှုံ့ဆော်ပေးနိုင်တဲ့မှတ်ချက်တွေ ဆက်တိုက်ပြုလုပ်ပြီး အသင်းပရိသတ်တွေကို ရတက်မအေးဖြစ်စေခဲ့ပါတယ်။ အီဂျစ်ကြယ်ပွင့်ရဲ့ နောက်ဆုံးမှတ်ချက်မှာဆိုရင် စာချုပ်သစ်ကိစ္စ သဘောတူညီမှုရရှိဖို့ အတော်လေးဝေးကွာနေပါသေးတယ်လို့ ဖော်ပြခဲ့ပါတယ်။ အခုလိုပြောဆိုမှုတွေရှိနေပေမယ့် ကာရေဂါကတော့ စိတ်အနှောင့်အယှက်မဖြစ်နေပါဘူး။
ကာရေဂါက “အခုအခြေအနေနဲ့ပတ်သက်ပြီး မိုဆာလက်၊ ဗန်ဒိုက်တို့ ပြောနေတဲ့အရာတွေကို ကျွန်တော် စိတ်မပျက်မိပါဘူး။ ဒီကစားသမားနှစ်ဦးလုံးကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်ကိုယ်တိုင် အကောင်းမြင်နေတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လာမယ့်ဘောလုံးရာသီသစ်ကို လီဗာပူးနဲ့အတူ မိုဆာလက် မစတင်နိုင်စရာအကြောင်းတရားတခုတလေတောင် ကျွန်တော် မမြင်တွေ့ထားပါဘူး”လို့ ပြောပါတယ်။
အခုလိုအနာဂတ်မရေမရာကိစ္စတွေရှိနေပေမယ့် လီဗာပူးအသင်းရဲ့ကွင်းတွင်းစွမ်းဆောင်ရည်ပိုင်းကိုတော့ ထိခိုက်မှုတစုံတရာ မရှိနေပါဘူး။ နည်းပြသစ်အန်းစလော့ရဲ့အဖွင့်ရာသီမှာပဲ ကြိုးကြာနီတွေက လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရှစ်မှတ်ဖြတ်ဦးဆောင်ထားသလို ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ဖို့လည်း ရေပန်းအစားဆုံးဖြစ်နေပါတယ်။ လာမယ့်ပွဲစဉ်မှာတော့ အန်းစလော့ရဲ့အသင်းက ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်ရှုံးနိမ့်ထားတဲ့ မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားသွားရပါမယ်။ စက်တင်ဘာလအတွင်း ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ လီဗာပူးက သုံးဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။