The network connection is lost.

Banner Image

ရှုံးထွက်အဆင့်တွေမှာ ညစ်ညစ်ပတ်ပတ်ကစားတတ်ဖို့လိုတယ်လို့ အသင်းကိုသတိပေးလာတဲ့ အီတလီနည်းပြ စပယ်လက်တီ

အီတလီလက်ရွေးစင်နည်းပြ လူစီယာနိုစပယ်လက်တီက ယနေ့နံနက်က ခရိုအေးရှားနဲ့ ပွဲစဉ်မှာ ၉၀+၈ မိနစ်ရောက်မှ ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့ပြီး သရေ ရလဒ်ကို အရယူနိုင်ခဲ့တာကြောင့် ကစားသမားတွေရဲ့ ဘယ်တော့မှ  အရှုံးမပေးတတ်တဲ့စိတ်ဓာတ်ကိုချီးကျူးခဲ့ပြီး ရှုံးထွက်အဆင့်တွေမှာတော့ ညစ်ညစ်ပတ်ပတ်ကစားတတ်ဖို့လိုတယ်လို့ သတိပေးလာခဲ့ပါတယ်။

ယခုပွဲရလဒ်ကြောင့် အီတလီက ရမှတ် ၄ မှတ်နဲ့ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်သွားနိုင်ခဲ့သော်လည်း ခရိုအေးရှားကတော့ ရမှတ် ၂ မှတ်သာ ရရှိခဲ့တာကြောင့် အကောင်းဆုံး တတိယအသင်းအနေနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ မရှိဘဲ ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ရဖို့သေချာသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ စပယ်လက်တီက “ဒီပွဲရလဒ်က ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အသင်းရဲ့ကစားပုံက ခပ်ပျော့ပျော့ဖြစ်နေခဲ့လို့ အကောင်းဆုံးပုံစံနဲ့တော့ မကစားနိုင်ခဲ့ပါဘူး။ ဒီအုပ်စုကိုကျော်ဖြတ်နိုင်ဖို့က အရမ်းခက်ခဲပါတယ်။ စပိန်က ခြေစွမ်းထက်မြက်သလို၊ ခရိုအေးရှားကလည်း အရမ်းကောင်းပါတယ်။ ဒီနေ့ပွဲစဉ်ရဲ့ ပထမပိုင်းမှာတော့ ကျွန်တော်တို့ ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့ပေမယ့် ဒါကအလွန်အရေးကြီးတဲ့ ပွဲစဉ်ဖြစ်နေတဲ့ ဖိအားကြောင့်လည်း ပါပါတယ်။ ဖိအားကြောင့််သာမဟုတ်ရင် ကျွန်တော်တို့ ခြေစွမ်းက ဒီလောက်မညံ့ပါဘူး။ ဒါပေမယ့် ခြုံငုံကြည့်ရင်တော့ အသင်းရဲ့ကစားပုံက ပိုကောင်းလာပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး စပယ်လက်တီက သူ့ရဲ့ကစားသမားတွေအနေနဲ့ လာမယ့်ရှုံးထွက်အဆင့်တွေမှာတော့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုကိုပြုလုပ်ဖို့ အကြံပေးခဲ့ပါတယ်။ နာပိုလီနည်းပြဟောင်းက “စိန်ခေါ်မှုတစ်ခုက ၅၀-၅၀ အခြေအနေမှာရှိတဲ့အချိန်မှာ ကျွန်တော်တို့ အနိုင်ရဖို့ရုန်းကန်ရပါတယ်။ ဒါက နည်းစနစ်ကြောင့်မဟုတ်ပါဘူး။ အတွေ့အကြုံနဲ့ ရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေအပေါ်မူတည်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ညစ်ညစ်ပတ်ပတ်ကစားတတ်မှသာ တိုးတက်မှုရှိလာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ အီတလီဟာ တိုက်စစ်ကစားသမား ၆ ဦးနဲ့ ခရိုအေးရှားကို ခြေကုန်ထုတ်ဖိအားပေးခဲ့ပြီး ချေပဂိုးပြန်လည်ရရှိခဲ့တာကြောင့် စပယ်လက်တီက အသင်းရဲ့ကစားပုံကို အားရကျေနပ်ကြောင်း ထုတ်ဖော်လာခဲ့ပါတယ်။

စပယ်လက်တီက “အရန်ခုံနေက ဆင်းလာတဲ့ကစားသမားတွေက အသင်းအတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့က သူတို့ကထိုးဖောက်နေပေမယ့် သူတို့ရဲ့တိုက်စစ်ကိုလည်း ထိန်းရပါသေးတယ်။ သူတို့ကို ဒုတိယဂိုးနဲ့ တတိယဂိုးတွေ ပေးလို့မရဘူးဆိုတဲ့အသိရှိနေသလို ကိုယ်တိုင်ကလည်း တိုက်စစ်ဆင်ရဦးမယ်ဆိုတဲ့ အသိလည်း ရှိနေရပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ကစားပုံကနူးညံ့ခဲ့ပါတယ်။ ဒီထက်ပိုပြီးသန်မာဖို့လိုပါသေးတယ်။ ကျွန်တော်တို့မှာ အရည်အသွေးမြင့် ကစားသမားကောင်းတွေ အများကြီးရှိနေပေမယ့် တစ်ခါတလေမှာ အသေးအဖွဲအမှားလေးတွေ လုပ်မိနေပါသေးတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။