The network connection is lost.

Banner Image

ချဲလ်ဆီးရဲ့ဘဏ္ဍာရေးတောင့်တင်းမှုကို ဘက်တစ်တို့ မယှဉ်ပြိုင်နိုင်ဘူးလို့ ဝန်ခံလိုက်တဲ့ အစ္စကို

ရီးရဲလ်ဘက်တစ်ကြယ်ပွင့်အစ္စကိုက သူတို့အသင်းနဲ့ ယူရိုပါကွန်ဖရန့်လိဂ်ဖိုင်နယ်ပြိုင်ဘက်ချဲလ်ဆီးတို့အကြား အကြီးမားဆုံးကွာဟချက်ဟာ ဘဏ္ဍာငွေကြေးပိုင်း ဖြစ်တယ်လို့ အသင်းသမိုင်းတလျှောက် ပထမဆုံးဥရောပအဆင့်ဗိုလ်လုပွဲမတိုင်ခင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အခုဘောလုံးရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာတော့ အစ္စကိုရဲ့ဒဏ်ရာမှပြန်လာနိုင်မှု၊ မန်ချက်စတာယူနိုက်တက်ရဲ့အန်တိုနီကို ခေါ်ယူလိုက်နိုင်မှုတို့ကြောင့် ဘက်တစ်က အရာရာတိုင်းကို အပြောင်းအလဲဖြစ်လာအောင် လုပ်ဆောင်ပြီး မတူကွဲပြားတဲ့ကလပ်အသင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းကတော့ ပိုလန်မြေဗိုလ်လုပွဲဆီ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဘက်တစ်မှာ စိတ်ခွန်အားတွေ ပိုမိုပြည့်ဝနေမယ်လို့ ပြောခဲ့ပါတယ်။

အခုယူရိုပါကွန်ဖရန့်လိဂ်ဗိုလ်လုပွဲပြိုင်ဘက်နဲ့ သူတို့အသင်းအကြား ကွာခြားချက်အကြောင်း မေးမြန်းလာချိန် အစ္စကိုက “ ကောင်းလိုက်တဲ့မေးခွန်းဗျ။ ဟုတ်ပါပြီ၊ အခြားအရာအားလုံးထက်ပိုပြီး ဘဏ္ဍာငွေကြေးပိုင်းမှာ အတော်လေး ကွာခြားပါတယ်။ ပြီးတော့ နှစ်ဖက်အသင်းတွေက ကစားသမားကောင်းတွေရှိနေတဲ့ အသင်းကောင်းတွေ ဖြစ်ပါတယ်။ မနက်ဖြန်မှာဆိုရင် ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ပွဲစဉ်တစ်ခု ရှိနေပါတယ်။ ဥရောပအဆင့်သမိုင်းသစ်ရေးထိုးနိုင်မယ့် အခွင့်အလမ်းရှိနေလို့ ဗိုလ်လုပွဲအတွက် ဘက်တစ်မှာ ပိုပြီးစိတ်အားထက်သန်မှုရှိနေမယ်လို့ ထင်ပါတယ်။ ဒါကပဲ ကျွန်တော်တို့ရဲ့အားသာချက် ဖြစ်ပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ဘက်တစ်က ဆီမီးဖိုင်နယ်အဆင့်မှာ ပိုမိုရေပန်းစားတဲ့ ဖီအိုရင်တီးနားလိုပြိုင်ဘက်ကောင်းကို ကျော်ဖြတ်ပြီး အခုဗိုလ်လုပွဲဆီ တက်ရောက်လာခဲ့ပါတယ်။ သူတို့တွေက အခုဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုမက်ဒရစ်တို့ကို အနိုင်ယူခဲ့သလို ဘာစီလိုနာကိုလည်း အဝေးကွင်းမှာ သရေကစားနိုင်ခဲ့ပါတယ်။

အစ္စကိုက “ ချဲလ်ဆီးက ပိုပြီးအစွမ်းထက်နေမလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ယုံကြည်မှုအပြည့် ရှိပါတယ်။ နောက်ဆုံးတော့ ကျွန်တော်ပြောခဲ့သလိုပဲ အသင်းအဝတ်လဲခန်းမှာ ယုံကြည်ချက်ကသာ အောင်ပွဲရရှိဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပေမယ့် ကျွန်တော်တို့အသင်းအပေါ် ယုံကြည်မှုရှိပါတယ်။ ကျွန်တော်တို့က မိသားစုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့က ဘယ်ပြိုင်ဘက်မဆို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့ပြီးဖြစ်သလို ဒီဗိုလ်လုပွဲမှာလည်း အောင်ပွဲနဲ့ထိုက်တန်မှုအပြည့်ရှိတဲ့ အသင်းပရိသတ်တွေအတွက် အကောင်းဆုံးပေးဆပ်ပြီး ပျော်ရွှင်မှုတွေ ဖန်တီးပေးသွားနိုင်ဖို့ မျှော်လင့်မိပါတယ်။

မနက်ဖြန်ပွဲစဉ်ကတော့ သမိုင်းကြောင်းတလျှောက် အလွန်အရေးကြီးပွဲစဉ်၊ အထူးစပါယ်ရှယ်ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ အောင်ပွဲနဲ့အထိုက်တန်ဆုံးဖြစ်တဲ့ အသင်းပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေယူဆောင်လာနိုင်စွမ်းရှိဖို့ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။