နာကျင်စရာ အီတလီစူပါဖလားဗိုလ်လုပွဲရှုံးနိမ့်မှုလို့ ညည်းညူသွားတဲ့ အင်တာမီလန်နည်းပြအင်ဇာဂီ
ဒီနေ့မနက်ပိုင်း၊ ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့ရှိ Al-Awwal Park ကွင်းကြီးအတွင်း မြို့ခံပြိုင်ဘက်အေစီမီလန်ကို နှစ်ဂိုးပြတ်ဦးဆောင်ပြီးမှ ၃-၂ ဂိုးဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့တဲ့ စူပါကိုပါအီတလီယာဗိုလ်လုပွဲရလဒ်က နာကျင်မှုစရာပါပဲလို့ အင်တာမီလန်နည်းပြအင်ဇာဂီက ပြောပါတယ်။
Sport Mediaset သတင်းဌာနဆီ အင်ဇာဂီက “ပထမဆုံးအနေနဲ့ နှစ်ဂိုးပြတ်အရေးနိမ့်နေချိန်မှာတောင် အရှုံးမပေးခဲ့တဲ့ အေစီမီလန်အသင်းကို ဂုဏ်ပြုသွားရပါမယ်။ ၂-၁ ဂိုးဆိုတဲ့ ရလဒ်ဖြစ်လာချိန်မှာ ကျွန်တော်တို့တွေ ဘောလုံးကို အလွယ်တကူ ဆုံးရှုံးခဲ့ပါတယ်။ ဒီနောက်မှာ ၃-၁ ဆိုတဲ့ ရလဒ်အထိ ဖြစ်လာဖို့ အခွင့်အရေးကောင်းတွေအများကြီး ရရှိခဲ့ပါတယ်။ သြဂတ်စတို၊ ဒမ်ဖရီးစ်တို့ရဲ့ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို အေစီမီလန်ဂိုးသမားမိုင်ဂနန် အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ပဲ ဒီနောက်မှာ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်အထိ ဖြစ်လာခဲ့ပြီး အရာရာတိုင်းကို ဆုံးရှုံးခဲ့ရပါတယ်။ နာကျင်စရာရှုံးနိမ့်မှုတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘက်နှစ်ပိုင်းတွေမှာ အသင်းက နာကျင်စရာရှုံးနိမ့်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး အမြဲတမ်းလမ်းကြောင်းမှန်ဆီ ပြန်လာနိုင်ခဲ့ပါတယ်။ နာကျင်မှုတွေ ဖြေသိမ့်နိုင်ဖို့ အိမ်ပြန်သွားရပါမယ်။ ကျွန်တော်တို့အသင်းအတွက် ဒဏ်ရာပြဿနာအသစ်တွေလည်း ရှိနေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က ၁၈ ရက်အတွင်း ခြောက်ပွဲကစားသွားရပါမယ်။ ဒါကြောင့် လမ်းကြောင်းမှန်ဆီ အမြန်ဆုံးပြန်ရောက်ရှိလာဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းအဓိကကစားသမားတွေကို ဆုံးရှုံးထားရပါတယ်။ အခြားသူတွေကလည်း ခံစစ်ပိုင်းအတွက် အတက်နိုင်ဆုံးကူညီအားဖြည့်ကစားပေးနေပါတယ်။ ဒီအတွက် သူတို့ကို ကျွန်တော် ကျေးဇူးတင်သွားရပါမယ်။ တက်နိုင်သမျှ အရာရာတိုင်းကို ပေးဆပ်ကစားခဲ့ပေမယ့် စိတ်မကောင်းစရာရလဒ်နဲ့ပဲ အိမ်ပြန်ခဲ့ရပါပြီ။ ဒါပေမယ့် နှစ်ဂိုးပြတ်ဦးဆောင်ထားချိန်မှာ ပွဲကို အခုထက်ပိုပြီးတော့ အကောင်းမွန်ဆုံး ထိန်းချုပ်ထားနိုင်ခဲ့သင့်တယ်”လို့ ပြောပါတယ်။