
The network connection is lost.

ဒီနေ့မနက်ပိုင်း၊ ဆန်စီရိုကွင်းစီးရီးအေ ပွဲစဉ်အဖြစ် ဂျီနိုအာကို ၂-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် အင်တာမီလန်က အနီးဆုံးပြိုင်ဘက်ထက် ၁၅ မှတ်အသာရကာ အမှတ်ပေးဇယားထိပ်ဆုံး နေရာမှာ ပြတ်ပြတ်သားသားရပ်တည်လိုက်ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲချိန် ၃၈ မိနစ်မတိုင်ခင်မှာ အိမ်ရှင်တွေက အက်စ်လာနီ၊ ဆန်းချက်ဇ်(ပင်နယ်တီ)တို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန်အတွင်းမှာတော့ ဗက်စ်ကွက်ဇ်က ဂျီနိုအာအတွက် ချေပဂိုး တစ်ဂိုးကို သွင်းယူပေးခဲ့ပေမယ့် အင်တာမီလန်ကပဲ သူတို့ရဲ့လိဂ်ကိုးပွဲဆက် နိုင်ပွဲကို ပွဲပြီးချိန်မှာ ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်အပါအဝင် ပြိုင်ပွဲစုံနောက်ဆုံး ၁၂ ပွဲဆက် အနိုင်ရရှိခဲ့တဲ့ အင်တာမီလန်က အမှတ်ပေးဇယား ဒုတိယနေရာရှိ ဂျူဗင်တပ်စ်ထက် ၁၅ မှတ်အထိ အသာရရှိနေပါပြီ။
လက်ရှိမှာ အင်တာမီလန်က အခုရာသီစီးရီးအေပွဲစဉ် ၂၇ ပွဲမှာ ၂၃ ပွဲအထိ အနိုင်ရရှိထားကာ သူတို့နောက်ဆုံးရှုံးနိမ့်ခဲ့တဲ့ စီးရီးအေပွဲစဉ်ကတော့ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလကုန်ပိုင်း ဆက်ဆူအိုလိုကို အိမ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ် ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလကုန်ပိုင်း ဂျီနိုအာနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျပြီးကတည်းက အင်တာမီလန်က ရမှတ် လေလွင့်ဆုံးရှုံးမှု မရှိအောင် ကစားနိုင်ခဲ့ပါတယ်။