
ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခြင်းအတွက် ဆုဖလားအောင်ပွဲဆွတ်ခူးသလိုမျိုး ဂုဏ်ယူမိတယ်လို့ ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
ယမန်နေ့ညပိုင်း၊ ဖူလ်ဟမ်ကို အနိုင်ယူပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိလာခြင်းက မန်စီးတီးအတွက် ချန်ပီယံဆုဖလားတစ်လုံးဆွတ်ခူးနိုင်မှုနဲ့ အလားသဏ္ဍာန်တူတယ်လို့ ပက်ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။ မန်စီးတီးက သူတို့ရဲ့အမှတ်ပေးဇယားတတိယနေရာကို သေချာစေဖို့ ရာသီပိတ်ပွဲစဉ်မှာ ဖူလ်ဟမ်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရယူခဲ့ပါတယ်။ ဒါပေမယ့် အမှတ်ပေးချန်ပီယံဖြစ်လာတဲ့ လီဗာပူးနဲ့ ၁၃ မှတ်အကွာမှာ ရပ်တည်ပြီး ရာသီသိမ်းခဲ့ရတဲ့ မန်စီးတီးအတွက် အခုဘောလုံးရာသီမှာ အခြေအနေတွေ ဘယ်လောက်အထိဆိုးရွားခဲ့သလဲဆိုတာကို ဖော်ပြနေတယ်လို့လည်း အချို့ပုဂ္ဂိုလ်တွေက သုံးသပ်ကြပါတယ်။
ပက်ဂွါဒီယိုလာကတော့ ဥရောပထိပ်တန်းပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှုကြောင့် သူ့ရဲ့ကစားသမားတွေအတွက် ဂုဏ်ယူမိတယ်လို့ ပြောဆိုပေမယ့် လာမယ့်ရာသီ၊ အမှတ်ပေးဇယားထိပ်ဆုံးနေရာဆီ စိန်ခေါ်နိုင်ဖို့ဆိုရင် တိုးတက်လာရမယ့်အခန်းကဏ္ဍတွေ အများကြီးရှိနေသေးတယ်လို့ အတိအလင်းဝန်ခံလိုက်ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မန်စီးတီးနည်းပြက “ ကျွန်တော်ဟာ နောက်ထပ်တိုက်ပွဲမဝင်ချင်တော့ဘဲ ယူရိုပါလိဂ်ဝင်ခွင့်လောက်နဲ့ ကျေနပ်လိုက်ပြီလို့ လူတွေ ပြောကောင်းပြောနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အကောင်းဆုံးပုံစံနဲ့ဆက်ကစားခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့က အာဆင်နယ်နဲ့မလှမ်းမကမ်း၊ အမှတ်ပေးဇယားတတိယနေရာမှာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးနဲ့ ကျွန်တော်တို့အကြား ကွာဟချက်ကတော့ ကြီးမားလွန်းပါတယ်။ ကျွန်တော်တို့အတွက် တိုးတက်မှုတွေလိုအပ်ပြီး လုပ်နိုင်လိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။
ဒီနေ့မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုက ဆုဖလားအောင်ပွဲတစ်ခုလို ဖြစ်ခဲ့လို့ စိတ်သက်သာရာရခဲ့ပါတယ်။ ဒါက အချက်တစ်ခုပါ။ အမှတ်ပေးဇယားတတိယနေရာနဲ့ရာသီသိမ်းနိုင်တာ တကယ်ကောင်းပါတယ်။ ပြီးပြည့်စုံမှုတော့ မရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှိနေပါလိမ့်မယ်။ ဒါကြောင့် လူတွေက ယုံကြည်ချင်မှ ယုံကြည်ပါလိမ့်မယ်၊ ဒီနေ့က ကျွန်တော့်အတွက်တော့ လုံးဝကိုပျော်စရာကောင်းတဲ့ နေ့ရက်တစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။
လက်ရှိမှာ မန်စီးတီးက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမဝင်ခင် အားလပ်ချိန်တွေ ရရှိသွားပါလိမ့်မယ်။ သူတို့တွေက ဒီပြိုင်ပွဲမှာ ဝိုင်ဒက်ကာဆာဘလန်ကာ၊ အယ်လ်အိန်း၊ ဂျူဗင်တပ်စ်တိုနဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။