
ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူဖို့က ငယ်ဘဝအိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ယာမယ်လ်
ဘာစီလိုနာအသင်းရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်က သူဟာ တစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးတက်လာမှာဖြစ်ကြောင်းနဲ့ အယ်လ်ကလက်စီကိုပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူချေမှုန်းဖို့က ငယ်ဘဝအိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ယာမယ်လ်ဟာ လာမယ့်ဇူလိုင်လမှသာ အသက်-၁၈ နှစ်ပြည့်မှာဖြစ်ပေမယ့် ဘာစီလိုနာလို ဥရောထိပ်သီးအသင်းကြီးအတွက် စုစုပေါင်း ပွဲ ၁၀၀ ကျော်အထိ ပါဝင်ကစားပေးထားနိုင်ပါတယ်။ လူငယ်ကြယ်ပွင့်ဟာ ယခုနှစ်ဘောလွန်းဒီအော်ဆုကိုလည်း စိန်ခေါ်ထားနိုင်ပြီဖြစ်ပေမယ့် အခုထက်ပိုပြီး တိုးတက်လာဦးမှာဖြစ်ကြောင်း ပြိုင်ဘက်တွေကို သတိပေးစကားဆိုလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီအတွင်းမှာ ယာမယ်လ်ဟာ ကလပ်နဲ့လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၆၂ ပွဲကစားခဲ့ပြီး ၂၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၅ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အသက်-၁၇ နှစ်သားရဲ့အကူအညီနဲ့အတူ ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ကို လာလီဂါမှာသာမက ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားပြိုင်ပွဲတွေမှာလည်းအနိုင်ရခဲ့ပြီး ပြည်တွင်းဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် ယာမယ်လ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ၂၀၂၄ ယူရိုဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်လှမ်းစေခဲ့တာဖြစ်ပါတယ်။ ယခုအခါ ဘာစီလိုနာနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ယာမယ်လ်က "ကျွန်တော့်အသက်အရွယ်အရ အခုထက်ပိုပြီး တိုးတက်လာဖို့ရှိပါသေးတယ်။ ကျွန်တော်အခုထက်ပိုပြီး ခြေစွမ်းကောင်းတွေပြသနိုင်မယ်လို့ယုံကြည်ပါတယ်"
"ရီးရဲလ်မက်ဒရစ်ကိုအနိုင်ရဖို့အတွက် အသင်းကိုကူညီရတာ အရမ်းပျော်စရာကောင်းပါတယ်။ ကျွန်တော်ကလေးဘဝကတည်းက ရီးရဲလ်မက်ဒရစ်ကိုအနိုင်ယူဖို့ အိပ်မက်မက်နေခဲ့တာပါ။ ကျွန်တော်တို့အသင်းက နိုင်လိုစိတ်ပြင်းထန်တယ်ဆိုတာ သက်သေပြသခဲ့ပြီးပါပြီ။ အထူးသဖြင့် အယ်လ်ကလက်စီကိုပွဲမှာဆို ပိုပြီးတော့ စိတ်ဓာတ်ခွန်အားရပါတယ်။ ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်ကို ၂၅ မိနစ်လောက်အထိ ဘောလုံးထိခွင့်မရအောင် ကစားနိုင်ခဲ့ပါတယ်။တကယ်လို့ ဒီလိုပွဲကို နူးကမ့်မှာကစားရမယ်ဆိုရင် ပရိသတ်တွေအတွက် ပိုပြီးတော့ပျော်စရာကောင်းမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရတာကြောင့် လောလောဆယ်မှာတော့ ယာမယ်လ်တစ်ယောက် နွေရာသီအားလပ်ရက်ကို သက်တောင့်သက်သာအပန်းဖြေနေပါတယ်။ လာမယ့်လမှာတော့ စပိန်လက်ရွေးစင်ဟာ ရာသီကြိုပွဲစဉ်တွေကစားဖို့ ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းသွားမှာဖြစ်ပါတယ်။