နိုင်ငံ့လက်ရွေးစင်အသင်းတစ်ခုရဲ့နည်းပြအဖြစ် တာဝန်ယူသွားလိုတဲ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ မော်ရင်ဟို
ဂျိုဆေးမော်ရင်ဟိုက ဖီနာဘာချီမှာ အမှတ်ပေးချန်ပီယံဆုမျှော်လင့်ချက်ယိမ်းယိုင်လာပြီးနောက် နိုင်ငံ့လက်ရွေးစင်အဆင့်နည်းပြလောကဆီ အံ့အားသင့်ဖွယ်ပြောင်းရွှေ့လိုတဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရိုးမားနည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် မော်ရင်ဟိုက အခုနွေရာသီမှာ တူရကီစူပါလိဂ်ကလပ်ဖီနာဘာချီနဲ့အတူ နောက်ထပ်စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ဘောလုံးလောကဆီ ဝင်ရောက်လာခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဂန္တဝင်နည်းပြကြီးရဲ့တူရကီခရီးစဉ်က အဖုအထစ်အချို့နဲ့ ရင်ဆိုင်နေရပြီး ဖီနာဘာချီအသင်းကိုယ်တိုင်လည်း ၁၆ ပွဲကစားပြီးချိန်၊ အမှတ်ပေးဇယားဦးဆောင်သူ ဂါလာတာစာရေးနဲ့ ရှစ်မှတ်အကွာမှာ ရှိနေပါတယ်။ အလားတူ သူတို့တွေက ယူရိုပါလိဂ်အမှတ်ပေးဇယားအဆင့်-၂၁ နေရာမှာ ရပ်တည်နေပြီး မော်ရင်ဟိုကိုယ်တိုင်လည်း တူရကီဘောလုံးလောကအခြေအနေနဲ့ သူ့အသင်းရဲ့စွမ်းဆောင်ရည်တွေအကြောင်း အငြင်းပွားဖွယ် ပြောစကားအတွက် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တူရကီမှာ အမှတ်ပေးချန်ပီယံဆုမျှော်လင့်ချက်ယိမ်းယိုင်လာပြီးနောက် ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်းက အနာဂတ်မှာ နိုင်ငံ့လက်ရွေးစင်အသင်းတစ်ခုကို ကိုင်တွယ်ရင်း ဥရောပချန်ပီယံရှစ်ပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတို့ကို ယှဉ်ပြိုင်သွားချင်တယ်လို့ အတိအလင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သူက အီတလီဘောလုံးလောကဆီ ပြန်သွားဖို့ အလေးအနက်စဉ်းစားသွားမယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ရိုးမားအသင်းမှထွက်ခွာလာပြီးနောက်ပိုင်း ရောမအခြေစိုက်ကလပ်အသင်းရဲ့ပွဲစဉ်တွေကို မကြည့်ရှုဖြစ်ဘူးလို့လည်း ဆိုပါတယ်။
Corriere Dello Sport နဲ့ အင်တာဗျူးအစီအစဉ်မှာ အသက်-၆၁ နှစ်အရွယ်နည်းပြက “ရိုးမားပွဲစဉ်တွေကိုတော့ ပြန်မကြည့်ဖြစ်ပါဘူး။ ဒါပေမယ့် အင်တာမီလန်အသင်းရဲ့ပွဲစဉ်တွေကိုတော့ ကြည့်ဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းတစ်ခုကို ကိုယ်တိုင်ရွေးချယ်ဖွဲ့စည်းပြီး ဥရောပချန်ပီယံရှစ်(သို့မဟုတ်)ကမ္ဘာ့ဖလားဆီ ပါဝင်ယှဉ်ပြိုင်ချင်ပါတယ်။ ကျွန်တော်က ကလပ်အသင်းတွေနဲ့အတူ ဒီလိုအလုပ်မျိုးကို အတိတ်မှာ လုပ်ခဲ့ဖူးပြီးပါပြီ။ ဘောလုံးလောကနဲ့ ဒီအားကစားကိုယ်စားပြုထားတဲ့အရာတွေအတွက် ဒီအလုပ်ကို ကျွန်တော်လုပ်သွားချင်ပါတယ်။ မယုံကြည်နိုင်လောက်အောင် ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။
ဖီနာဘာချီအသင်းက ဆောင်းရာသီအားလပ်ရက်ကာလတိုအပြီး အခုတနင်္ဂနွေနေ့မှာ ဟာတေးစပေါနဲ့ လိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။ မော်ရင်ဟိုကိုယ်တိုင်လည်း အခုပွဲစဉ်မှာ နိုင်ပွဲရယူပြီး ဂါလာတာစာရေးနဲ့ အမှတ်ကွာဟမှုကို လျှော့ချသွားဖို့ စိတ်အားထက်သန်နေပါလိမ့်မယ်။