The network connection is lost.

Banner Image

ယူနိုက်တက်နဲ့ပတ်သက်တဲ့မေးခွန်းကို အကြင်နာမဲ့ပြီး လူမဆန်စွာပြန်ဖြေကြားခဲ့တဲ့ ပိုစတီကိုဂလူ

တနင်္ဂနွေညပိုင်းပွဲစဉ်အတွင်း လူငယ်ကစားသမားရှစ်ဦးအထိ အရန်လူစာရင်းမှာ ထည့်သွင်းလာရတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြအာမိုရင်အတွက် စာနာထောက်ထားမှုတစုံတရာပြသပေးဖို့ တော့တင်ဟမ်နည်းပြပိုစတီကိုဂလူ ငြင်းဆန်သွားခဲ့ပါတယ်။ ယူနိုက်တက်က တော့တင်ဟမ်ဟော့စပါးကွင်းကြီးမှာ တော့တင်ဟမ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်မှုမတိုင်ခင် ဒဏ်ရာနဲ့ အဖျားဝေဒနာဆိုင်ရာပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီး အသင်းရဲ့အရန်လူစာရင်းပိုင်းအတွက် စီနီယာကစားသမားတွေအနက် လင်ဒီလော့ဖ်တစ်ဦးတည်းကိုသာ ထည့်သွင်းထားနိုင်ခဲ့ပါတယ်။

အာမိုရင်က အခုပွဲစဉ်အတွက် အရန်လူစာရင်းမှာ လင်ဒီလော့ဖ်နဲ့အတူ အာလီဟာရစ်ဆင်၊ ဟယ်ရီအမက်စ်၊ တိုင်လာဖရတ်ဒရစ်ဆင်၊ ဂျက်ဖလက်ချာ၊ ဆီကူးကိုနေး၊ ဂျက်မိုးဟောက်၊ ချီဒိုအိုဘီနဲ့ အေဒင်ဟတ်ဗင်းတို့ကို ထည့်သွင်းထားခဲ့ပါတယ်။ အေဒင်ဟတ်ဗင်းကတော့ အခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အာဆင်နယ်မှ ယူနိုက်တက်ဆီ ရောက်ရှိလာခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

ပွဲချိန်တလျှောက်လုံးမှာလည်း ယူနိုက်တက်နည်းပြက သူ့ရဲ့အရန်ခုံတန်းဆီ ပြန်လှည့်ကြည့်ဖို့ ဝန်လေးနေခဲ့ပြီး ဒုတိယပိုင်းပွဲချိန်နာကျင်အချိန်ပိုရောက်ရှိချိန်မှသာ အိုဘီကို သရဲနီကစားသမားဘဝပွဲဦးထွက်ကစားနိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ သူက အိုဘီကို ပွဲချိန် ၉၁ မိနစ်မှာ ကတ်စ်မဲရိုးနဲ့ လူစားလဲလှယ်ခဲ့ပါတယ်။ လတ်တလောကာလတွေအတွင်း တော့တင်ဟမ်လည်း ဒဏ်ရာပြဿနာထိုးနှက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အသင်းအတွက် အနှောင့်အယှက်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် သူတို့တွေက တနင်္ဂနွေနေ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ မက်ဒီဆင်အပါအဝင် အဓိကကစားသမားအချို့ကို ပြန်လည်ကြိုဆိုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပိုစတီကိုဂလူကိုယ်တိုင်လည်း လတ်တလောသီတင်းပတ်တွေမှာ အသင်းရဲ့ဒဏ်ရာပြဿနာအကျပ်အတည်းကို အသိအမှတ်ပြုဖို့ ငြင်းဆန်မှုတွေအပါအဝင် ဝေဖန်မှုများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သြစတြေးလျသားက ပွဲစဉ်အပြီးသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်အတွက် ကိုယ်ချင်းစာပေးနိုင်မလားလို့ မေးမြန်းမှုအပေါ် စိတ်ဝင်စားဖွယ်အဖြေတစ်ခု ချပြသွားခဲ့ပါတယ်။

ပိုစတီကိုဂလူက “ ကျွန်တော့်ရဲ့ရုံးခန်းအတွင်းပိုင်းကို ပြန်စစ်ဆေးကြည့်မယ်ဆိုရင် တခြားနည်းပြတွေရဲ့စာနာမှုဖော်ပြထားတဲ့အထောက်အထားတွေ လုံးဝမတွေ့ရှိနိုင်ပါဘူး။ ဒါကြောင့် အဲ့ဒီလိုမျိုး ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ ဒီနေရာမှာ အာမိုရင်ရယ်၊ အသင်းအတွက် မကစားပေးနိုင်သူတွေရယ်၊ အရန်ခုံတန်းမှာရှိတဲ့ လူငယ်လေးတွေရယ်ကို ကျွန်တော် မြင်တွေ့ရနိုင်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော့်ရဲ့ကမ္ဘာကြီးမှ ကြိုဆိုပါတယ်။ ဒါပေမယ့် ဒါက ပွဲစဉ်တစ်ခုတည်းအတွက်ပဲ ရှိပါသေးတယ်။ ဒီလိုအခက်အခဲတွေနဲ့ နှစ်လလောက် ဖြတ်သန်းကြည့်လိုက်ပါ။

ဘယ်ကလပ်အသင်းမဆိုပေါ့။ နှစ်လလောက် လုပ်ကြည့်လိုက်ပါ။ မန်ချက်စတာယူနိုက်တက်လည်း ဒီနေ့ပွဲစဉ်မှာ အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့နေ့ရက်တွေ ရှိခဲ့ဖူးပါတယ်။ အခုလိုကာလမျိုးမှာပဲ ကျွန်တော်တို့က လီဗာပူးကို အနိုင်ယူခဲ့ပါတယ်”လို့ ပြောပါတယ်။