
ကမ္ဘာ့ရန်ဖြစ်ပေမယ့် ရိုးမားနည်းပြသစ်ဂတ်စ်ပါရီနီအတွက် ထောက်ခံမှုအပြည့်အဝပေးလိုက်တဲ့ ရာနီယာရီ
ရိုးမားအကြံပေး ရာနီယာရီက ဂတ်စ်ပါရီနီနဲ့ ဆက်ဆံရေးအေးစက်ခဲ့ဖူးပေမယ့် အသင်းနည်းပြသစ်အဖြစ် သူ့ရဲ့ပြိုင်ဘက်ဟောင်းကြီးကို ပွဲထုတ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီမှာ နည်းပြအဖြစ်တာဝန်ယူပြီးနောက် ရိုးမားအသင်းရဲ့အားကစားအကြံပေးရာထူးဖြင့် အသင်းမှာဆက်ရှိနေခဲ့တဲ့ ရာနီယာရီက စီးရီးအေမှာ ဂတ်စ်ပါရီနီနဲ့ထိပ်တိုက်တွေ့ဆုံချိန်တိုင်း သူတို့နှစ်ဦးအကြား ပဋိပက္ခဖြစ်မှုတွေကို ဟာသလုပ်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးနည်းပြဟောင်းက ပုဂ္ဂိုလ်ရေးခံစားချက်ကို ကျော်လွန်ပြီး အသင်းရဲ့စိတ်ဓါတ်ပိုင်းအပေါ် ပြောင်းလဲပေးနိုင်သူအဖြစ် ဂတ်စ်ပါရီနီကို ထောက်ခံပေးခဲ့ပါတယ်။
အသက်-၇၃ နှစ်အရွယ်နည်းပြဟောင်းက သတင်းစာရှင်းလင်းပွဲတစ်ခုရဲ့အစောပိုင်းအချိန်မှာ ဂတ်စ်ပါရီနီကို သဘောမတွေ့ဘူးလို့ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပေမယ့် ဂတ်စ်ပါရီနီသာဆန္ဒရှိမယ်ဆိုရင် မိတ်ဆွေတစ်ဦးဖြစ်လာဖို့ကိုလည်း ဝန်မလေးပါဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အတ္တလန္တာ၊ ဂျီနိုအာ၊ ခရိုတိုနီတို့ကို တာဝန်ယူကိုင်တွယ်ဖူးတဲ့ ဂတ်စ်ပါရီနီက ဘာဂါမိုအခြေစိုက်ကလပ်အသင်းနဲ့အတူ ကာလရှည်ဖြတ်သန်းခဲ့ချိန်အတွင်း ယူရိုပါလိဂ်ချန်ပီယံဆုရယူကာ သူ့ရဲ့နည်းလမ်းတွေအတွက် သက်သေပြခဲ့ဖူးပါတယ်။ အကျိုးဆက်အဖြစ် ရိုးမားပိုင်ရှင်တွေက အသင်းနည်းပြသစ်ရာထူးအတွက် ဆန်ကာတင်စာရင်းမှာ ဂတ်စ်ပါရီနီကို ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နည်းပြသစ်နဲ့ဆက်ဆံရေးအကြောင်းမေးမြန်းလာချိန် ရာနီယာရီက “ ကျွန်တော် ဂတ်စ်ပါရီနီကို မကြိုက်ပါဘူး။ အဲ့ဒီအတိုင်းပဲ သူ့ကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကိုရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ဦးချင်းရော အသင်းလိုက်ပါ တိုးတက်ဖို့လိုလားတဲ့၊ အမြဲတမ်းဒေါသူပုန်ထနေတဲ့၊ ဘယ်တော့မှ စိတ်တိုင်းကျမှာမဟုတ်တဲ့ နည်းပြတစ်ဦးနဲ့အတူ ခိုင်မာအားကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးတစ်ခုကို ရိုးမားအသင်းအတွက် လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။လွယ်တော့မလွယ်ပါဘူး။ ဒါကြောင့် သူ့ကိုယ်သူနားလည်အောင်လုပ်သွားနိုင်ဖို့အတွက် တစ်နှစ်စာချုပ်နဲ့သာ ကမ်းလှမ်းခဲ့ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်လည်း သူ့အတွက် မိတ်ဆွေတစ်ဦး ဖြစ်လာပါလိမ့်မယ်။ ပြဿနာတွေဖြေရှင်းဖို့ တစ်ခုခုလိုအပ်လာချိန် သူနဲ့တစိတ်တည်းတဝမ်းတည်း ကျွန်တော် ရှိနေပေးပါမယ်။
ဒီအပြောင်းအရွှေ့ဈေးကွက်နှစ်ခုအတွင်း ကျွန်တော်တို့ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း သူသိရှိထားပါတယ်။ ကျွန်တော်သာ အသင်းမှာဆက်ရှိနေဦးမယ်ဆိုရင် အသင်းပြန်လည်တည်ဆောက်ဖို့ အချိန်တစ်နှစ်တာ ကုန်ဆုံးသွားပါလိမ့်မယ်။ ဒါကြောင့်ပဲ သူ့ကို ခေါ်ယူခဲ့တာပါ။ တခါတလေ ကျွန်တော်တို့နှစ်ဦးအကြား မျက်နှာထားထားဆိုးဆိုးနဲ့ ဘုဘောက်ပြောတာမျိုး ရှိခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ခုခုကို မကျေမချမ်းဖြစ်နေချိန် ကျွန်တော့်ရဲ့ပင်ကိုစရိုက်လက္ခဏာက အဲ့ဒီလိုပုံစံဖြစ်နေလို့ပါပဲ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
ရိုးမားက ရာသီကြိုခြေစမ်းပွဲစဉ်တွေအဖြစ် ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ကိုင်ဇာစလော့တန်၊ လန်းစ်၊ အက်စတွန်ဗီလာ၊ အဲဗာတန်တို့နဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်။