ယူနိုက်တက်ကစားသမားတွေက နည်းပြအာမိုရင်အပေါ် ယုံကြည်မှုရှိနေကြပြီလို့ ထုတ်ဖော်ပြောကြားလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က နည်းပြရူဘင်အာမိုရင်က အသင်းရဲ့ရလဒ်တွေကို ပြောင်းလဲနိုင်တော့မယ်လို့ အပြည့်အဝယုံကြည်နေသလို ကစားသမားတွေကလည်း နည်းပြအပေါ်မှာ ယုံကြည်မှုရှိနေကြပြီလို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ဆာအဲလစ်ဖာဂူဆန်ထွက်ခွာခဲ့တဲ့အချိန်ကနေစတင်ပြီး အနိမ့်အမြင့်အတက်အကျများစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့ ယူနိုက်တက်ဟာ ယခုအခါမှာတော့ နည်းပြသစ် အာမိုရင်ရဲ့ဦးဆောင်မှုအောက်မှာရောက်ရှိနေပြီး အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ပရီးမီးယားလိဂ်ဖလားကို အကြိမ် ၂၀ အထိရရှိထားတဲ့ သမိုင်းဝင်ဘောလုံးအသင်းဟာ လောလောဆယ်မှာတော့ ပေါ်တူဂီသားရဲ့ဦးဆောင်မှုအောက်မှာ အကောင်းဆုံးပုံစံတော့ မရရှိသေးပါဘူး။
ယခုအခါမှာ ဖာနန်ဒက်စ်က “ကျွန်တော်တို့မှာ ရလဒ်ကောင်းတွေမရှိသလို၊ စွမ်းဆောင်ရည်ကောင်းတွေပျောက်ဆုံးနေပေမယ် ယုံကြည်မှုကတော့ ပုံမှန်အတိုင်း ဆက်လက်ကျန်ရှိနေခဲ့ပါတယ်။ အားလုံးက အသင်းအနေနဲ့ပဲ လုပ်ဆောင်နေပြီး အသင်းအနေနဲ့တိုက်ပွဲဝင်၊ အသင်းအနေနဲ့တိုးတက်ဖို့ကြိုးစားနေပါတယ်”
“ကစားသမားတွေအားလုံးက မန်နေဂျာအပေါ်မှာယုံကြည်မှုရှိနေကြပြီး သူပြောတဲ့အတိုင်းလုပ်ဖို့ အဆင်သင့်ရှိနေကြပါတယ်။ ပွဲတစ်ပွဲအတွင်းမှာတောင် နောက်တန်း ၃ ယောက်ခံစစ်ကအဆင်မပြေရင် မန်နေဂျာရဲ့ညွှန်ကြားချက်နဲ့ နောက်တန်း ၅ ယောက် ဒါမှမဟုတ် နောက်တန်း ၄ ယောက်ခံစစ်ပုံစံပြောင်းလဲဆော့ကစားဖို့ ဝန်မလေးကြပါဘူး”
“အသင်းကရှုံးနေချိန် ဒါမှမဟုတ် ကစားပုံအဆင်မပြေချိန်တွေမှာ ကစားသမားတွေအနေနဲ့ ကိုယ်ပိုင်စိတ်ကူးတွေနဲ့ ပြောင်းလဲမှုတွေပြုလုပ်ဖို့ ကြိုးစားနိုင်ပေမယ့် နည်းပြရဲ့စကားကိုပဲနားထောင်ပြီး သူခိုင်းတဲ့အတိုင်းပဲ လုပ်ကြပါတယ်။ အားလုံးက နည်းပြအပေါ်မှာ ယုံကြည်မှုရှိနေကြပါပြီ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပေါ်တူဂီလက်ရွေးစင်က “နည်းပြကိုယ်တိုင်ကလည်း သူလုပ်နေတဲ့အလုပ်အပေါ်မှာ ယုံကြည်မှုအပြည့်အဝရှိနေပြီး ရလဒ်ကောင်းတွေပြန်ရမယ်ဆို သေချာနေပါတယ်။ ဒီအသင်းမှာ နိုင်ပွဲတွေမရရင် ဖိအားတွေအရမ်းများပေမယ့် နိုင်ပွဲရရင်လည်း အရမ်းပျော်စရာကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က အက်ဖ်အေဖလားပြိုင်ပွဲမှာ အာဆင်နယ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တဲ့ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အမှတ်ပေးဇယားအောက်ဆုံးက ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်သွားရပါမယ်။