
အခွင့်အရေးတွေအများကြီးဖြုန်းတီးပစ်ခဲ့တယ်လို့ ရက်ရက်စက်စက်ဝန်ခံခဲ့တဲ့ ဟယ်ရီကိန်း
ဝုဖ်ဘတ်ကို ကျဉ်းမြောင်းတဲ့ရလဒ်ဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အခွင့်အရေးကောင်းများစွာကို ဖြုန်းတီးပစ်ခဲ့ပြီးနောက် အခုထက်ပိုမိုပြတ်သားတဲ့ရလဒ်မျိုးနဲ့ ဘိုင်ယန်မြူးနစ်အသင်း အနိုင်ရရှိသင့်တယ်လို့ ဟယ်ရီကိန်းက ဝန်ခံပြောဆိုခဲ့ပါတယ်။
စနေနေ့ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်က ဂိုးပေါက်တည့်ကန်ချက် ၂၅ ကြိမ်မှာ သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် အလျှော့မပေးစတမ်းယှဉ်ပြိုင်နေတဲ့ ဝုဖ်ဘတ်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်မှာ အင်္ဂလန်ကပ္ပတိန်ဟယ်ရီကိန်းလည်း အခွင့်အရေးကောင်းအချို့ကို ဖြုန်းတီးပစ်ခဲ့ပါတယ်။ ပွဲစဉ်အပြီးမှာတော့ အသက်-၃၁ နှစ်အရွယ်တိုက်စစ်မှူးက သူ့ရဲ့အသင်းကို ချီးကျူးခဲ့ပေမယ့် အခုထက်ပိုပြီး လက်တွေ့ကျကျလုပ်ဆောင်သွားနိုင်ဖို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဟယ်ရီကိန်းက “ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့အသင်း အခုထက်ပိုပြီး ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်ပါတယ်။ ဒီလိုသာသွင်းယူနိုင်မယ်ဆိုရင် ပြိုင်ပွဲက ကျွန်တော်တို့အတွက် ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ ဒါပေမယ့် ဝုဖ်ဘတ်ကလည်း အရေးအကြီးဆုံးကာလတစ်ခုမှာတောင် ဂိုးတွေ သွင်းယူပြီး ပြိုင်ပွဲလမ်းကြောင်းဆီ အမြဲတမ်းပြန်ရောက်ရှိလာခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ကို ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာ စိတ်ဖိစီးစေခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ချိန်မှာတော့ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပါတယ်။ အခုဘောလုံးရာသီမှာ အမှတ်တွေအများကြီးစုဆောင်းထားနိုင်တဲ့ ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်ရချိန် ကောင်းမွန်တဲ့စွမ်းဆောင်ရည်တစ်ရပ်တော့ ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ ဘိုင်ယန်မြူးနစ်က ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ လေးမှတ်ဖြတ်ရပ်တည်နေပြီး အနီးဆုံးပြိုင်ဘက်လေဗာကူဆင်လည်း နိုင်ပွဲရရှိခဲ့လို့ အမှတ်ပေးချန်ပီယံပြေးလမ်း အသက်ဝင်နေဆဲပဲလို့ ပြောရပါလိမ့်မယ်။ ဟယ်ရီကိန်းနဲ့ သူ့ရဲ့အသင်းဖော်တွေကတော့ မကြာမီကာလအတွင်း အသင်းရဲ့ဂိုးသွင်းစွမ်းရည်တွေ ပြန်ကောင်းမွန်လာဖို့ မျှော်လင့်နေကြပါလိမ့်မယ်။
ဟယ်ရီကိန်းရဲ့ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်ကြားရက်မှာတော့ ဘွန်ဒက်စ်လီဂါလုပ်ငန်းစဉ်တွေ ခေတ္တရပ်နားပြီး အသက်တမျှအရေးပါတဲ့ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဖီယင်နုနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရပါမယ်။