The network connection is lost.

Banner Image

စာချုပ်ပါအချက်ကို အသက်သွင်းခဲ့ပေမယ့် အသင်းမှာဆက်နေဖို့မသေချာတဲ့ စီးတီးစတား

မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ဂန်ဒိုဂန်ကို စာချုပ်ထဲမှာ ပါဝင်တဲ့သက်တမ်းတိုးတဲ့အချက်ကို အသက်သွင်းခဲ့ပေမယ့် အနာဂတ်က မသေချာသေးတာဖြစ်ပါတယ်။ ဂန်ဒိုဂန်ဟာ ၂၀၂၃ တုန်းက စီးတီးကနေ ဘာစီလိုနာအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၁ နှစ်အကြာမှာပဲ အသင်းဟောင်း စီးတီးထံပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။

စီးတီး နဲ့ ဂန်ဒိုဂန်တို့ကြား စာချုပ်ချုပ်ဆိုခဲ့တာက ၁ နှစ်သာဖြစ်ပေမယ့် ၂၀၂၆ အထိ စာချုပ်သက်တမ်းတိုးခွင့်ပါရှိနေတာဖြစ်ပါတယ်။ မီဒီယာကို ဂွါဒီယိုလာက ပြောကြားရာမှာ “သူ့မှာ စာချုပ်သက်တမ်းက ၁ နှစ်ပဲရှိပါတယ်။ သေချာပါတယ်။ နွေရာသီမှာ ဘာဖြစ်မလဲမသိသေးပါဘူး။ အခုတော့ သူနောက်ထပ်  ၁ နှစ်ထပ်ပြီးသက်တမ်းတိုးခဲ့ပါတယ်။ လက်စတာက ဂန်ဒို ၊ ဘုန်းမောက်က ဂန်ဒို ၊ ဒီနေ့ ဂန်ဒိုပါ။

အဲ့တာက ကျွန်တော်မှတ်မိတာပါ။ ကျွန်တော်တို့ ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့ချိန်မှာ သူကအရေးပါတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ သူ့လှုပ်ရှားမှု ၊ သူ့ရဲ့နေရာယူပုံ ၊ ခံစစ်ပိုင်းကိုကူညီပေးနိုင်မှုလည်း ကောင်းပါတယ်။ ဂန်ဒိုက ကျွန်တော်တို့အတွက် ကြီးမားတဲ့အကျိုးပြုခဲ့ပါတယ်။ အသင်းအနေနဲ့ ကျွန်တော်တို့ သူ့ကိုမကူညီနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက ခင်ဗျားအကြောင်းမဟုတ်တာကြောင့်ပါ။

လူတိုင်းမှာ အတက်အကျရှိပါတယ်။ အသင်းကစားပုံမကောင်းချိန်မှာ ခင်ဗျားလည်း မကောင်းနိုင်ပါဘူး။ အသင်းကစားပုံကောင်းရင် တစ်ဦးချင်းလည်း လိုက်ကောင်းနိုင်ပါတယ်။ အဲ့တာမရှိပဲ မော်ဒန်ဘောလုံးလောကမှာ ခင်ဗျားမကစားနိုင်ပါဘူး”လို့ ဂွါဒီယိုလာက ဖြေကြားခဲ့ပါတယ်။ စီးတီးနဲ့ စာချုပ်သက်တမ်းတိုးလိုက်ပေမယ့် ဂန်ဒိုဂန်အနေနဲ့ အခုနွေရာသီမှာ အသင်းကနေထွက်ခွာနိုင်ချေရှိနေသေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်သားနည်းပြကတော့ ဂန်ဒိုဂန်ကို အသင်းမှာဆက်ထိန်းထားချင်နေပြီး နွေရာသီမှာ ဒီဘရိုင်းလည်း ထွက်ခွာမှာဖြစ်တာကြောင့် ဆက်ထိန်းထားချင်နေတာဖြစ်ပါတယ်။ စီးတီးကိုပြန်လာခဲ့ပြီးနောက် ဂန်ဒိုဂန်အနေနဲ့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲမှာတော့ စွမ်းဆောင်ရည်ဖြည်းဖြည်းချင်းတိုးတက်လာနေပါတယ်။
စီးတီးဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပစ်မှတ်ထားနေသလို အက်ဖ်အေဖလားအောင်မြင်မှုလည်း ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။