
ဘရန့်ဖို့ဒ်ကိုသရေကျခဲ့ပြီးနောက် အသင်းရဲ့နောက်တန်းပိုင်းဒဏ်ရာပြဿနာတွေကိုစိတ်ပျက်မိကြောင်း ပြောကြားလာတဲ့ ဂွါဒီယိုလာ
ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရန့်ဖို့ဒ်ကို ၂-၂ နဲ့သရေကျခဲ့ပြီးနောက် ပွဲအပြီးမှာတော့ မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက အသင်းရဲ့နောက်တန်းပိုင်း ဒဏ်ရာပြဿနာတွေကို စိတ်ပျက်မိကြောင်းနဲ့ နိုင်ပွဲရခဲ့သင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ မန်စီးတီးဟာ ပထမပိုင်းအတွင်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဒုတိယပိုင်းမှာတော့ ဖီးလ်ဖိုဒန်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ ဘရန့်ဖို့ဒ်ကို ၀-၂ နဲ့ပြတ်ပြတ်သားသားဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နောက်တန်းဒဏ်ရာပြဿနာတွေကြောင့် အဓိကကစားသမားတွေကို လက်လွှတ်ထားရတဲ့ မန်စီးတီးဟာ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိဘဲ ချေပဂိုးတွေပြန်လည်ခွင့်ပြုခဲ့ရပြီး ဘရန့်ဖို့ဒ်အတွက်ဂိုးတွေကို ဝစ်ဆာနဲ့ နော်ဂတ်တို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
မန်စီးတီးအနေနဲ့ အဓိကဗဟိုခံစစ်မှူး ၂ ဦးဖြစ်တဲ့ ရူဘင်ဒီယက်ဇ်နဲ့ ဂျွန်စတုန်းစ်တို့ကို ယခုပွဲစဉ်မှာ အသုံးပြုနိုင်ခဲ့ခြင်းမရှိသလို ကွင်းလယ်ခံစစ်ကစားသမား ရိုဒရီကလည်း ကာလရှည်ဒဏ်ရာရနေတာဖြစ်ပါတယ်။ ဂွါဒီယိုလာက “ကျွန်တော်တို့ အဓိကနောက်တန်းကစားသမားတွေကို လက်လွှတ်ထားရလို့ ဒီပွဲမှာ ကောင်းကောင်းမခုခံနိုင်ခဲ့ပါဘူး။ သူတို့က ကျွန်တော်တို့ဂိုးဧရိယာထဲမှာ ၆ ယောက် ၇ ယောက်လောက်အထိဝင်ပြီး ဆက်တိုက် တိုက်စစ်ဆင်ခဲ့ပါတယ်။ ဖြတ်တင်ဘောတွေနဲ့ တိုက်စစ်ဆင်ခဲ့ကြပြီး တစ်ခါတစ်ရံမှာ ကျွန်တော်တို့ထက်တောင် ပိုကောင်းခဲ့ပါတယ်။ အရပ်ရှည်တဲ့ကစားသမားတွေပိုင်ဆိုင်ထားတဲ့ သူတို့ကို ကျွန်တော်တို့ ခက်ခက်ခဲခဲ ကာကွယ်ခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
၂ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရပေမယ့် ဂွါဒီယိုလာဟာ အသင်းရဲ့ဂိုးသမား အော်တီဂါကို အပြစ်တင်ခြင်းမရှိဘဲ ချီးကျူးပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ စပိန်သားက “သူဘယ်လောက်အထိကောင်းတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဟာလန်းကို ကန်တင်ပေးပို့ခဲ့တဲ့ ပေးပို့မှုကလည်း အရမ်းကောင်းပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျွန်တော်အရမ်းကျေနပ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာက ဘရန့်ဖို့ဒ်အသင်းကိုလည်း “ကျွန်တော်သူတို့ကို ချီးကျူးပါတယ်။ ဘရန့်ဖို့ဒ်က အမြဲတမ်း တကယ်ကိုယှဉ်ပြိုင်ရခက်ခဲတဲ့အသင်းတစ်သင်းပါ။ သူတို့ရဲ့ကစားပုံကရိုးရှင်းပြီး အရမ်းအန္တရာယ်များပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ အခွင့်အရေးတွေဖန်တီးနိုင်ခဲ့ပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။