
မန်စီးတီးအနေဖြင့် ရာသီကုန်ကာလအတွက် အကောင်းမြင်ထားရမယ်လို့ ပြောဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာက အဓိကကစားသမားတွေမပါဘဲ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံတွေ အသားကျလာပုံကို ကျေနပ်မိပြီး သူ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးကြိုးပမ်းမှုနဲ့ ပတ်သက်လို့ အကောင်းမြင်ထားရမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
ဘော်လွန်းဒီအော်ဆုရှင် ရိုဒရီ၊ နှစ်နှစ်ဆက်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရှင် ဟာလန်း၊ နောက်ခံလူတွေဖြစ်တဲ့ ဂျွန်စတုန်းစ်၊ အကန်ဂျီ၊ နသန်အကီတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် မန်စီးတီးရဲ့ဘောလုံးရာသီက တည်ငြိမ်မှုရှိနေစေရေး အခက်တွေ့ခဲ့ပါတယ်။ လက်ကျန်ခုနစ်ပွဲကစားရဖို့ကျန်ရှိနေသေးချိန် မန်စီးတီးက အမှတ်ပေးဇယားစတုတ္ထနေရာရှိချဲလ်ဆီးနဲ့ တစ်မှတ်အကွာ၊ အဆင့်-၆ နေရာမှာ ရပ်တည်နေပါတယ်။ လက်ရှိရပ်တည်မှုပိုင်းအရ အဆင့်-၃ နေရာရှိ နော်တင်ဟမ်ဖောရက်စ်နဲ့ အဆင့်-၇ နေရာရှိ အက်စတွန်ဗီလာတို့အကြား ခြောက်မှတ်သာ ကွာဟနေပါတယ်။
ဒါပေမယ့် ဧပြီ ၈ ရက်၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ အာဆင်နယ်က ရီးရဲလ်မက်ဒရစ်ကို သုံးဂိုးပြတ်အနိုင်ယူပြီးနောက် ၂၀၂၅-၂၀၂၆ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပရီးမီးယားလိဂ်ကလပ်အသင်း အနည်းဆုံးငါးသင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသွားလို့ ပက်ဂွါဒီယိုလာရဲ့အသင်းအတွက် ကြီးမားတဲ့တွန်းအားတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့်အိမ်ကွင်းပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာက “ တစ်ရာသီလုံး ဒဏ်ရာပြဿနာတွေ ရှိခဲ့လို့ ကျွန်တော်တို့တွေ နေသားကျသွားပါပြီ။ ဒါကို ပြဿနာတစ်ခု(သို့) စိန်ခေါ်မှုတစ်ခုလို့ ရှုမြင်မိပါတယ်။ အခြေအနေက ကပ်ဘေးတစ်ခု(သို့) အဲ့ဒီထက်တောင် ပိုဆိုးသွားနိုင်ပါတယ်။
ဒီအခြေအနေကို ကိုင်တွယ်နိုင်ခဲ့တဲ့နည်းလမ်းအပြင် ကျွန်တော်တို့ ရောက်ရှိနေတဲ့နေရာနဲ့ ပတ်သက်လို့ ကျေနပ်မိပါတယ်။ စိန်ခေါ်မှုကတော့ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ပါပဲ။ ခက်ခဲမယ့်အိမ်ကွင်းပွဲစဉ်ပါ။ မနက်ဖြန်ကျရင် ကျွန်တော်တို့မှာ ပြီးခဲ့တဲ့လပိုင်းတွေအတွင်း မယုံကြည်နိုင်လောက်စရာထိပ်တန်းပုံစံကောင်း ပြသထားခဲ့တဲ့ အသင်းတစ်ခု ရှိနေပါလိမ့်မယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်ကစားရတာ အမြဲလိုလိုခက်ခဲပါတယ်။ နည်းပြအိုလီဗာဂလက်စနာအပြင် ခရစ္စတယ်ပဲလေ့စ်ရဲ့ကစားပုံ၊ ကစားသမားတွေရဲ့အရည်သွေး၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတွေအပေါ် သံသယမရှိ ချီးကျူးလိုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကလည်း အခုဘောလုံးရာသီကို ကောင်းကောင်းအဆုံးသတ်နိုင်ဖို့ အကောင်းမြင်စိတ် ရှိထားရပါမယ်”လို့ ပြောပါတယ်။
ဒါ့အပြင် ပက်ဂွါဒီယိုလာက အခုသီတင်းပတ်ကုန်၊ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင့်သုံးမယ့် Semi-Automated Offsides စနစ်ကိုလည်း အလေးထားကြိုဆိုခဲ့ပါတယ်။ ဒီစနစ်ကို ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ၊ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေမှစတင်ကာ ဥရောပအဆင့်အတွက် စတင်သုံးစွဲခဲ့ပြီး အင်္ဂလန်ဘောလုံးလောကမှာလည်း ပွဲဦးထွက်အဖြစ် ဖေဖော်ဝါရီလ၊ အက်ဖ်အေဖလားပဉ္စမအဆင့်ပွဲစဉ်တွေမှာ သုံးစွဲခဲ့ပါတယ်။
ပက်ဂွါဒီယိုလာက “ ကျွန်တော့်အထင် ဒီစနစ်ကို မိတ်ဆက်ရတဲ့အကြောင်းရင်းက ပိုမိုမြန်မြန်ဆန်ဆန်ဆုံးဖြတ်နိုင်လို့ ဖြစ်ပါလိမ့်မယ်၊ ဟုတ်တယ်မလား? လူကျွံဘောက လူကျွံဘောပါပဲ။ လူကျွံဘောမဟုတ်ရင်လည်း မဟုတ်ဘူးပေါ့။ ကောင်းပြီ၊ ကျွန်တော်ကတော့ ဒီစနစ်ကို ကြိုဆိုပါတယ်။ ဒီစနစ်က အနာဂတ်မှာ ပိုမိုကောင်းမွန်လာပါလိမ့်မယ်”လို့ ပြောပါတယ်။