The network connection is lost.

Banner Image

ပွဲဦးထွက် ပြန်လည်ကစားဖို့ ရက်ပိုင်းအလိုမှာ ဂီတာဖေးပရိသတ်တွေနဲ့ အတူတူရှိနေခဲ့တဲ့ ဂရင်းဝုဒ်ရဲ့ ချစ်သူ

မေဆင်ဂရင်းဝုဒ်ရဲ့ချစ်သူ ဟာရီယက်ရော်ဘ်ဆင်ဟာ ကစားသမားရဲ့ ပွဲဦးထွက်ကို စတင်ဖို့ရက်ပိုင်းအလိုမှာ ဂီတာဖေးပရိသတ်တွေနဲ့အတူတူရှိနေခဲ့ပြီး မက်ဒရစ်မြို့အတွင်း ဈေးဝယ်ထွက်ခဲ့တယ်လို့သိရှိရပါတယ်။
 
အသက်-၂၁ နှစ်အရွယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လက နွေရာသီအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုက်တက်မှ စပိန်လာလီဂါကလပ် ဂီတာဖေးသို့ အငှားနဲ့ပြောင်းရွှေ့လာခဲ့ပြီး ယခုအခါမှာတော့ ကြံ့ခိုင်ရေးပြည့်ဝနေတာကြောင့် အသင်းသစ်အတွက်စတင်ပွဲထွက်ကစားတော့မှာ ဖြစ်ပါတယ်။
 
ဂရင်းဝုဒ် ရောက်ရှိလာပြီး မကြာမီမှာပဲ ဂီတာဖေးက ကစားသမားဟာ အသင်းနဲ့အတူတူ လေ့ကျင့်ခန်း စတင်ဆင်းနေပြီဖြစ်ကြောင်းကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ဖော်ပြလာခဲ့ပါတယ်။ သို့သော် တစ်ပတ်မျှကြာရှည်တဲ့ နိုင်ငံတကာပွဲစဉ်များကြောင့် ကစားသမားဟာ အသင်းနဲ့အတူ အလျင်အမြန်ပွဲစတင်မကစားနိုင်ဘဲ အခုလိုနောက်ကျမှ စတင်ခွင့်ရရှိလာခဲ့တာဖြစ်ပါတယ်။
 
ဆိုရှယ်မီဒီယာမှတစ်တစ်ဆင့် ဖော်ပြလာခဲ့တဲ့ ဂီတာဖေးရဲ့ဗီဒီယိုထဲမှာ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းက ဘောလုံးကစားခွင့်ပိတ်ပင်ခံထားခဲ့ရသော်လည်း ယခုချိန်မှာတော့ ခြေစွမ်းကျဆင်းခြင်းမရှိသေးကြောင်းကို အထင်အရှားမြင်တွေ့နိုင်ပါတယ်။ ဒါကြောင့် ဂီတာဖေးအသင်းက တိုက်စစ်မှူးကို အသင်းနဲ့ပူးပေါင်းဖို့အမြန်ဆုံး ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။
 
မေးလ်အွန်လိုင်းရဲ့ အဆိုအရ ဂရင်းဝုဒ်နဲ့ ၎င်းရဲ့မိသားစုဟာ အသင်းဥက္ကဌနဲ့ ညစာအတူစားခဲ့ကြပြီး ကစားသမားအတွက် ဘာသာပြန်တစ်ယောက်လည်းထားရှိပေးထားတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးရဲ့ချစ်သူ ဟာရီယက်ရော်ဘ်ဆင်ကိုလည်း ဂီတာဖေးပရိသတ်တွေက ကောင်းမွန်စွာကြိုဆိုခဲ့ပြီး မက်ဒရစ်မြို့အတွင်း အတူတူဈေးဝယ်ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
သို့သော် သူမအနေနဲ့ ဂရင်းဝု‌ဒ်နဲ့အတူ စပိန်မှာ အမြဲတမ်း နေ မနေကိုတော့ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ ဂရင်းဝုဒ်ကတော့ Boadilla del Monte မှာအိမ်ခန်းတစ်ခန်းကို ရှာဖွေနေစဉ်အတွင်း ၎င်းရဲ့ဖခင်ဖြစ်သူနဲ့အတူ နေနေတယ်လို့ သိရှိရပါတယ်။ အဆိုပါနေရာဟာ စပိန်မြို့တော်ရဲ့အနောက်ဘက်မှာတည်ရှိတဲ့ ဆိတ်ငြိမ်ပြီး အထက်တန်း‌ဆန်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
 
လွန်ခဲ့တဲ့ ၁၀ ရက်ကမှ အသင်းနဲ့စတင်စာချုပ် ချုပ်ခဲ့သော်လည်း ဂရင်းဝုဒ်ဟာ ပွဲထွက်ကစားဖို့ အဆင်သင့်ရှိနေတာကြောင့် စက်တင်ဘာလ ၁၇ ရက်၊ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်မယ့် အိုဆာဆူနာနဲ့ ပွဲစဉ်ကို စတင်ပါဝင်ကစားသွားမှာဖြစ်ပါတယ်။
 
ဒီအပတ်ထဲမှာ ရရှိခဲ့တဲ့သတင်းရင်းမြစ်တစ်ခုက "မေဆင်ဂရင်းဝုဒ်က အသင်းဖော်အသစ်တွေနဲ့ နည်းပြအသစ်တွေက သူ့ကိုလက်ခံပါ့မလားဆိုပြီး စိတ်လှုပ်ရှားနေပေမယ့် အသင်းကလူတိုင်းက သူ့ကိုကောင်းမွန်စွာ ကြိုဆိုနေကြပါတယ်။ အသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ နွေးထွေးမှုကြောင့် သူဟာ ချက်ချင်းပဲစိတ်သက်သာရာရခဲ့ပါတယ်။ မေဆင်အနေနဲ့ သူ့ရဲ့နေ့ရက်ဆိုးတွေကို ကောင်းကောင်းမွန်မွန်ကျော်လွန်ပြီး လျင်လျင်မြန်မြန်ဘဝပြောင်းခဲ့နိုင်တာကို မယုံကြည်နိုင်ဖြစ်နေပါတယ်”လို့ ဆိုပါတယ်။
 
ဒါ့အပြင် အသက်-၂၁ နှစ်အရွယ် စုံတွဲဟာ ယူနိုက်တက်မှ ဂီတာဖေးသို့ ပြောင်းရွှေ့လာခဲ့ပြီး ဂီတာဖေးပရိသတ်တွေရဲ့ နွေးနွေးထွေးထွေးကြိုဆိုမှုတွေအပေါ် ပျော်ရွှင်နေကြတယ်လို့ဆိုပါတယ်။ အိုဆာဆူနာရဲ့ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ဟာ ယူနိုက်တက်မှာ ပွဲကစားခွင့် ၂၀၂၂ ဇန်နဝါရီကတည်းက ၁၈ လကြာအထိ ဆိုင်းငံ့ခံထားရတဲ့ ဂရင်းဝုဒ်အတွက် ပထမဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ပွဲစဉ်ဖြစ်လာမှာဖြစ်ပါတယ်။