အာနိုးလ်ကို အင်္ဂလန်အသင်းကွင်းလယ်ပိုင်းမှာ အောင်မြင်မှု ရရှိမယ့်သူအဖြစ် ထောက်ခံပေးထားတဲ့ ဂါရတ်ဆောက်ဂိတ်
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က မနက်ဖြန်ညပိုင်း၊ ဆာဘီးယားနဲ့ ယူရို-၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်အတွက် ပွဲထွက်ကစားဖို့ အာနိုးလ်အဆင်သင့်ဖြစ်နေမယ်လို့ ယုံကြည်နေပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့၊ Mail Sport ရဲ့သတင်းအရ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြက လီဗာပူးညာနောက်ခံလူကို ကွင်းလယ်ပိုင်းမှာ ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ သဲလွန်စပေးထားခဲ့ပြီး ဂျာမနီမြေ ဗွေဆော်ဦးပွဲစဉ်မှာ အန်ဖီးလ်ဒု-အသင်းခေါင်းဆောင်ကို ကွင်းတွင်းနေရာပြောင်းလဲကစားစေမယ်လို့ သိရပါတယ်။ ITV Sport သတင်းဌာနနဲ့တွေ့ဆုံချိန် ဒီကလန်ရိုက်စ်၊ ဘယ်လင်ဟမ်တိုနဲ့အတူ ကွင်းလယ်ပိုင်းမှာ အာနိုးလ်ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေမလားဆိုတဲ့ မေးခွန်းကို ဆောက်ဂိတ်က ကျွန်တော်တို့လည်း ဒီအတိုင်းပဲ ယုံကြည်နေပါတယ်။
“အာနိုးလ်က ကျွန်တော်တို့မှာ မရှိသေးတဲ့ အရာတစ်ခုခုကို စီမံပေးနိုင်ပြီး အသင်းအတွက် မတူကွဲပြားတဲ့ကစားဟန်တစ်ခု ပေးစွမ်းနိုင်လိမ့်မယ်လို့ ယူဆထားပါတယ်။ အာနိုးလ်ကိုယ်တိုင်လည်း သူရဲ့နေရာသစ်နဲ့ပတ်သက်ပြီး နားလည်မှုရှိလာဖို့ အမှန်တကယ်ကြိုးစားအားထုတ်ခဲ့ပါတယ်။ အာနိုးလ်က ကမ္ဘာ့ဘောလုံးလောကအတွင်း အရမ်းရှားပါးတဲ့ ဘောလုံးပေးပို့နိုင်စွမ်းကို ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့နေရာသစ်နဲ့ပတ်သက်လို့ ပွဲချိန်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ ကဏ္ဍအားလုံးကို နားလည်ဖို့၊ သင်ယူဖို့ သူ အမှန်တကယ်ကြိုးစားအားထုတ်ခဲ့ပါတယ်။ ၁၂ လကြာ ဒီပရောဂျက်တစ်ခုကို အကောင်အထည်ဖော်ဖို့ သူနဲ့တွဲဖက်လုပ်ကိုင်ခဲ့ရမှုအပေါ် ကျွန်တော် အားရကျေနပ်မိပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့ရဲ့စိတ်နေစိတ်ထား၊ ခံယူချက်ပိုင်းကလည်း လုံး၀ ပထမတန်းစားဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆောက်ဂိတ်က တနင်္ဂနွေနေ့ပွဲစဉ်အတွက် သူ့ရဲ့အသင်းကို အချောသတ်ပြင်ဆင်နေပြီး ကြံ့ခိုင်မှုပြဿနာရှိနေတဲ့ အာဆင်နယ်ကြယ်ပွင့်ဆာကာကိုလည်း ပွဲထွက်ခွင့်ပေးဖို့ မျှော်လင့်နေပါတယ်။ ဆာကာက ပြီးခဲ့တဲ့ဘောလုံးရာသီနှောင်းပိုင်း၊ ဂန်းနားတွေနဲ့အတူရှိနေစဉ် ပေါင်ခြံဒဏ်ရာပြဿနာ ပေါ်ပေါက်ခဲ့လို့ အခုနွေရာသီဥရောပဘောလုံးပွဲတော်ကြီးစတင်ချိန်မှာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
ဆောက်ဂိတ်နဲ့ နည်းပြအဖွဲ့ဝင်တွေက ဆားဘီးယားနဲ့ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမထုတ်ပြန်ခင်အထိ အသက်-၂၂ နှစ်အရွယ်ကစားသမားရဲ့အခြေအနေကို အနီးကပ်စောင့်ကြည့်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့၊ အိုက်စလန်ကိုရှုံးနိမ့်တဲ့ခြေစမ်းပွဲစဉ်မှာ ဒုတိယပိုင်းလူစားဝင်ကစားသမားဖြစ်ခဲ့တဲ့ ဆာကာက မေ ၁၂ ရက်နောက်ပိုင်း ပွဲချိန် ၂၅ မိနစ်လောက်သာ ကစားနိုင်ခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြအဖြစ် လေးကြိမ်မြောက် နိုင်ငံတကာအဆင့်ပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွှဲတော့မယ့် ဆောက်ဂိတ်က “ပထမဆုံးပြိုင်ပွဲတုန်းကလိုပဲ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ပြိုင်ပွဲတိုင်းက နည်းနည်းတော့ခြားနားပေမယ့် နီးကပ်လာတာနဲ့အမျှ ခံစားချက်တွေ တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာပါတယ်။ လူတိုင်းကလည်း ဒီပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ချင်ကြလို့ လေ့ကျင့်ရေးကွင်းအနီး စိုးရိမ်စိတ်လေးတွေလည်း အနည်းငယ် ရှိလာကြသလို စိတ်လှုပ်ရှားဖို့လည်း ကောင်းလာပါတယ်။ ကစားသမားတွေအကြားမှာလည်း ပွဲကြီးတွေကို အတူတကွဖြတ်သန်းခဲ့ဖူးတဲ့ အတွေ့အကြုံကောင်းတွေ ရရှိထားကြပါတယ်။ အခုအချိန်မှာ စွမ်းအားအပြည့်နဲ့ စိတ်လှုပ်ရှားစရာကစားသမားသစ်တွေကိုပါ ထည့်သွင်းလိုက်နိုင်လို့ ဟန်ချက်ညီသွားခဲ့ပါပြီ။ အချင်းချင်းအကြား ဆက်ဆံရေးအပိုင်းမှာ လေ့လာနေဆဲအရာအချို့ ရှိနေသေးပေမယ့် ဒီအသင်းက အလျှင်အမြန်ပဲ တစ်ဦးအကြောင်း တစ်ဦး သိသွားကြပါပြီ။ ဒီအသင်းနဲ့ပက်သက်ပြီး ခံစားချက်ကောင်းတစ်ခုလည်း သူတို့တွေ ရရှိထားခဲ့ပါတယ်။ ကျွန်တော်တို့ ရဲရင့်မှုတော့ ရှိရပါလိမ့်မယ်။ ဒါကို ကျွန်တော်တို့ ရွေးချယ်ခဲ့တဲ့အသင်းလူစာရင်းမှာ မြင်နိုင်ပါတယ်"
"ကျွန်တော်တို့အသင်းရဲ့ကွင်းလယ်ပိုင်းစုဖွဲ့မှုက လုံးဝကွဲပြားနေပြီး ဒါက မတူညီတဲ့ ကစားဟန်ကို ပေးစွမ်းနိုင်ပါတယ်။ ပြိုင်ပွဲတိုင်းကို နောက်ဆုံးအခွင့်အရေးဖြစ်တယ်ဆိုပြီးတော့ပဲ ရှုမြင်သွားရပါမယ်။ ဒါ့ကြောင့် အသက် ၁၉ နှစ်ပဲဖြစ်ဖြစ်၊ ၅၃ နှစ်ပဲဖြစ်ဖြစ် သိပ်အရေးမကြီးပါဘူး။ အကောင်းဆုံး အခွင့်အလမ်းဖြစ်လာနိုင်မယ့် အခွင့်အရေးတစ်ခု ရှေ့မှာရောက်နေပြီး ဒါကို အသုံးချသွားနိုင်ရပါမယ်။ ကျွန်တော်လည်း အသင့်ဖြစ်နေပြီလို့ ခံစားရပါမယ်။ လွန်ခဲ့တဲ့တစ်နှစ်ခွဲကာလထက်တောင် ပိုကောင်းတဲ့နည်းပြတစ်ဦးဖြစ်လာပါပြီ။ ရလဒ်တွေကို ကိုယ့်စိတ်ကြိုက်ဖန်တီးနိုင်မလားဆိုတာ အချိန်က ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။ ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်ပါတယ်။ ဒါက အရမ်းရှုပ်ထွေးတဲ့ခရီးလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ပထမဆုံးရည်မှန်းချက်ကတော့ နောက်တစ်ဆင့်တက်ရောက်နိုင်ရေးပါပဲ”လို့ ပြောပါတယ်။