
ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပေမယ့် အသင်းအတွက်ဂုဏ်ယူရမယ်လို့ဆိုလိုက်တဲ့ ဂါစီယာ
ဘာစီလိုနာနောက်ခံလူ အဲရစ်ဂါစီယာက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ အင်တာမီလန်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခွာခဲ့ရပေမယ့် ကစားသမားတွေအနေနဲ့ အသင်းအတွက် ဂုဏ်ယူဖို့လိုအပ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ဆန်စီရိုမှာကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ဘာစီလိုနာဟာ အင်တာမီလန်ကို ၄-၃ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ် ၇-၆ နဲ့ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ယခုပွဲစဉ်ရဲ့ ပထမပိုင်းမှာ အင်တာမီလန်ဟာ လော်တာရိုမာတီနက်ဇ်၊ ကယ်လာနိုဂလူတို့ရဲ့သွင်းဂိုးတွေကြောင့် ၂-၀ နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ဘာစီလိုနာက ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး အဲရစ်ဂါစီယာနဲ့ အိုလ်မိုတို့ရဲ့ဂိုးတွေကြောင့် ၂-၂ ဆိုတဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ထို့နောက် ပွဲပြီးကာနီး ၈၇ မိနစ်မှာ ဘာစီလိုနာက ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ရာဖင်ဟာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အာစာဘီက ပွဲပြီးကာနီးအချိန်ပိုမှာ အင်တာမီလန်အတွက် ချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် မိနစ် ၉၀ အတွင်း ၃-၃ နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။
အင်တာမီလန်အတွက်အဖိုးတန်အနိုင်ဂိုးကိုတော့ အချိန်ပို ၉၉ မိနစ်မှာ ဖရက်တက်ဆီက သွင်းယူပေးခဲ့ကာ အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ရောက်ရှိစေခဲ့တာဖြစ်ပါတယ်။ ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာဟာ စုစုပေါင်း ၄၃ ဂိုးအထိသွင်းယူနိုင်ခဲ့တာကြောင့် သမိုင်းတစ်လျှောက် ဒုတိယဂိုးသွင်းအများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သို့သော်လည်း ဘာစီလိုနာဟာ ၂၄ ဂိုးအထိပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် အသင်းသမိုင်းတစ်လျှောက် ပေးဂိုးအများဆုံး ချန်ပီယံလိဂ်ရာသီလည်း ဖြစ်ခဲ့ပါတယ်။
ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရပေမယ့် ဘာစီလိုနာဟာ ပြည်တွင်းမှာ ရနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ဖို့ အလားအလာများနေပါတယ်။ ဟန်ဆီဖလစ်ရဲ့အသင်းဟာ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားတွေကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်သလို၊ လာလီဂါအမှတ်ပေးဇယားကိုလည်း ထိပ်ဆုံးကနေဦးဆောင်ထားတာဖြစ်ပါတယ်။
အင်တာမီလန်ကိုရှုံးနိမ့်ပြီးနောက် ပွဲအပြီးမှာ ဂါစီယာက "ပထမပိုင်းမှဦ ၂-၀ နဲ့ရှုံးနိမ့်နေခဲ့လို့ အရမ်းခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်းမှာ အသင်းရဲ့တုံ့ပြန်ပုံက အရမ်းအားရစရာကောင်းခဲ့ပါတယ်။ ပွဲကိုအနိုင်ယူဖို့ ကျွန်တော်တို့မှာ ပိုပြီးတော့ အခွင့်အရေးများခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးမှာက ဒီလိုပါပဲ။ကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့အရာအပေါ်မှာ ဂုဏ်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ရာသီကုန်အထိ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဘာစီလိုနာဟာ ပင်နယ်တီပြစ်ဒဏ်ဘော ခွင့်ပြုခဲ့ရသလို၊ တိုက်စစ်က ဂိုးရနိုင်ချေရှိတဲ့ အခွင့်အရေးတွေကိုလည်း ပြိုင်ဘက်ဂိုးသမား ဆွန်းမားရဲ့လက်စွမ်းပြမှုကြောင့် နစ်နာမှုတွေဖြစ်ခဲ့ပါတယ်။ ဆက်လက်ပြီး အသင်းနည်းပြဟန်ဆီဖလစ်က ပြိုင်ပွဲကထွက်ခွာခဲ့ရလို့ စိတ်ပျက်မိပေမယ့် ကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်အပေါ် ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။
ဂျာမန်သားနည်းပြက "ပြိုင်ပွဲကနေထွက်ခွာခဲ့ရလို့ အရမ်းစိတ်ပျက်မိပါတယ်။ ဒါပေမယ့် ဒီနေ့အသင်းရဲ့စွမ်းဆောင်ရည်ကတော့ လုံးဝစိတ်ပျက်စရာမကောင်းပါဘူး။ တတ်နိုင်သလောက် အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်"
"အခု ပြိုင်ပွဲကနေထွက်ခွာခဲ့ရပေမယ့် နောက်ရာသီမှာတော့ အကောင်းဆုံပုံစံနဲ့ ပြန်စသွားပါမယ်။ ပရိသတ်တွေပျော်ရွှင်နိင်ဖို့ ကြိုးစားသွားပါမယ်။ အင်တာမီလန်က အရမ်းကောင်းတဲ့အသင်းပါ။ ခံစစ်အရမ်းတောင့်သလို၊ တိုက်စစ်ကစားသမားကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ တကယ်ကောင်းခဲ့ပါတယ်။ ဒိုင်လူကြီးအကြောင်းကိုတော့ မပြောချင်တော့ပါဘူး။ ၅၀-၅၀ အခြေအနေမှာ သူတို့အတွက် အခွင့်သာသွားခဲ့တာပါ။ အစွမ်းကုန်ပေးဆပ်ခဲ့ပေမယ့် ပြိုင်ပွဲကနေထွက်ခဲ့ရလို့ နည်းနည်းတော့ ဝမ်းနည်းစရာကောင်းပါတယ်" လို့ပြောကြားခဲ့ပါတယ်။