စပိန်ကို ရင်ဆိုင်ဖို့ အီတလီအသင်းရဲ့စိတ်ဓါတ်ပိုင်းကောင်းမွန်နေရန် လိုအပ်တယ်လို့ ဆိုလိုက်တဲ့ ဖရတ်တီစီ
ယူရို-၂၀၂၄ အုပ်စု(B)မှာ ပြီးပြည့်စုံနေတဲ့ စပိန်အသင်းကို ရင်ဆိုင်ဖို့ လက်ရှိချန်ပီယံတွေရဲ့ တိုက်ပွဲဝင်စိတ်ဓါတ်ပိုင်း မဖြစ်မနေလိုအပ်လာလိမ့်မယ်လို့ အီတလီအသင်းကွင်းလယ်လူ ဖရတ်တီစီက ပြောလာပါတယ်။
အယ်လ်ဘေးနီးယားကို ၂-၁ ဂိုးဖြင့် Comeback အနိုင်ယူခဲ့တဲ့ အီတလီအသင်းက အခုအချိန်မှာတော့ ခရိုအေးရှားကို ၃-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စပိန်အသင်းနဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်လို့ ပိုပြီးခက်ခဲတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဖရတ်တီစီက “အထူးသဖြင့် အခုအချိန်မှာ စပိန်အသင်းက ကျွန်တော်တို့ထက် သာလွန်နေပါတယ်။ ဒါကြောင့် နှစ်ပေါင်းများစွာ အသင်းမှာ အတူရှိနေခဲ့တဲ့ အီတလီတွေရဲ့စိတ်ဓါတ်ပိုင်းကို ကွင်းတွင်းမှာ ချပြသွားဖို့ လိုအပ်ပါလိမ့်မယ်။ ဒီပွဲစဉ်က ဘယ်လောက်အထိခက်ခဲမယ်၊ ဘယ်လောက်အထိ ပြင်းထန်မယ်ဆိုတာ ကျွန်တော်တို့ သိထားရပါမယ်။ ဒါက အခြေခံအချက်ပါပဲ။ တစ်ဦးချင်းဘောလုံးယှဉ်လုချိန်မှာ ဒီအခြေခံအချက်ကို သိထားမယ်ဆိုရင် ပွဲစဉ်က အရမ်းအရမ်းခက်ခဲသွားပါမယ်”လို့ ပြောပါတယ်။
အယ်လ်ဘေးနီးယားနဲ့ပွဲစဉ်မှာ အီတလီအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားနိုင်ခဲ့ပေမယ့် လာမယ့်ကြာသပတေးနေ့၊ စပိန်အသင်းနဲ့ ရင်ဆိုင်ရချိန်မှာ ကွဲပြားခြားနားတဲ့ ပွဲစဉ်တစ်ခုဖြစ်လာလိမ့်မယ်လို့ ဖရတ်တီစီက မျှော်လင့်ထားပါတယ်။
“သေချာတာပေါ့၊ ကျွန်တော်တို့တွေ အယ်လ်ဘေးနီးယားနဲ့ပွဲစဉ်လောက်တော့ ဘောလုံးပိုင်ဆိုင်မှုရရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပိုပြီးဂရုတစိုက် ကစားသွားရပါမယ်။ အရင်နှစ်တွေတုန်းကလိုပဲ စပိန်အသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူတဲ့ ကစားဟန်နဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်တွေက အပြောင်းအလဲမရှိသွားပါဘူး။ ဒါက စပိန်အသင်းရဲ့အားသာချက်ပါ။ စပိန်အသင်းက ကျွန်တော်တို့အတွက် အခွင့်အရေးအများကြီးပေးမှာမဟုတ်လို့ ရရှိလာမယ့် အခွင့်အရေးအနည်းငယ်ကို အကောင်းဆုံးအသုံးချသွားနိုင်ဖို့လည်း လိုအပ်ပါလိမ့်မယ်”လို့ ဖရတ်တီစီက ဆိုပါတယ်။
အယ်လ်ဘေးနီးယားနဲ့ပွဲစဉ်အတွင်း ကွင်းဘေးစည်းမှာ အီတလီအသင်းနည်းပြ စပယ်လက်တီက မကြာခဏဆိုသလို ဖရတ်တီစီဆီ အော်ဟစ်ညွှန်ကြားနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီအပေါ်မှာ ကစားသမားကိုယ်တိုင်က အပေါင်းလက္ခဏာဆောင်တဲ့အပြုအမူအဖြစ် ရှုမြင်ထားခဲ့ပါတယ်။
သူက “ဒါဟာ နည်းပြဖြစ်သူရဲ့ ကျွန်တော့်အပေါ် ယုံကြည်မှုကို ပြသနေပါတယ်။ ဘေးမှာထိုင်ပြီး ကြည့်လိုက်ရင် ကစားပုံကို ဘယ်လိုမျိုးပိုကောင်းအောင်လုပ်သွားနိုင်မလဲဆိုတာ မြင်ရနိုင်ပါတယ်။ တခါတရံ ကျွန်တော်တို့က အကောင်းဆုံး အနေအထားကို မသိရှိနိုင်ချိန်မှာပဲ သူက ကျွန်တော်တို့ကို အကြံဉာဏ်တွေပေးဖို့ ကြိုးစားနေတတ်ပါတယ်။ ပြိုင်ဘက်က ကိုယ့်ကို ဖိအားပေးလာချိန် သူက ကျွန်တော့်ဆီ အကျဉ်းအကျပ်ဆီမှ ရုန်းထွက်ကာ တောင်ပံတွေဆီ သွားဖို့ ညွှန်ကြားပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် နေရာလွတ်တွေ ပိုရလာပါတယ်”လို့ ပြောပါတယ်။
ယူရို-၂၀၂၄ ခြေစစ်ပွဲကာလမှာ သုံးဂိုးသွင်းယူပြီး အီတလီအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်ခဲ့တဲ့ ဖရတ်တီစီက လက်ရွေးစင်အသင်းဖော်ဆကာမက်ကာအနေဖြင့် အတ္တလန္တာအသင်းနဲ့အတူ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကို အီတလီအသင်းဆီ ယူဆောင်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဆကာမက်ကာက လက်ရွေးစင်အသင်းအတွက် ၁၇ ပွဲကစားပြီး တစ်ဂိုးသွင်းယူပေးထားပါတယ်။
ဖရတ်တီစီက “ ပြီးခဲ့တဲ့သုံးလအတွင်း ဆကာမက်ကာက ဘယ်လိုအခွင့်အရေးတွေမှာမဆို သူ့မှာ ဂိုးသွင်းယူနိုင်စွမ်းရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။ ဒါကြောင့် အခွင့်အရေးတစ်ခုရရှိလာချိန်မှာ သူ အကောင်းဆုံး အသုံးချနိုင်လိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ်”လို့ ပြောပါတယ်။