
ပြည်တွင်းပြိုင်ပွဲမှာ လွှမ်းမိုးနိုင်ခဲ့တဲ့မိမိအသင်းကို ဖလစ် ချီးကျူးပြောကြား
ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်က ပြည်တွင်းပြိုင်ပွဲမှာ လွှမ်းမိုးနိုင်ခဲ့တဲ့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို ချီးကျူးလိုက်ပေမယ့် ချန်ပီယံလိဂ်ကနေထွက်ခွာခဲ့ရတာတော့ အနည်းငယ်ခါးသက်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ဂျာမန်သားက နောက်ဆုံးပွဲမှာ ဘီလ်ဘာအိုအသင်းကို ၃-၀ နဲ့အနိုင်ရပြီးနောက် သူ့အသင်းရဲ့စွမ်းဆောင်ရည် နဲ့ အာရုံစူးစိုက်မှုကို ချီးကျူးပြောကြားခဲ့ပါတယ်။ ဖလစ်ဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့နှစ်တုန်းက ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာတင် ဖလား ၃ လုံးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ချန်ပီယံလိဂ်မှာတော့ အင်တာမီလန်ကို ၂ ကျော့ပေါင်းရလဒ် ၇-၆ နဲ့ အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ ဘာစီလိုနာနည်းပြကတော့ ပထမရာသီမှာ အခုလိုပြည်တွင်းပြိုင်ပွဲအတွင်း လွှမ်းမိုးနိုင်တာကို ချီးကျူးခဲ့ပြီး လာမယ့်ရာသီမှာ အခုထက်ပိုကောင်းနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
“အသင်းအနေအထားကို အခုအဆင့်အတန်းမျိုးမှာ မြင်ရတာက တကယ်ကောင်းပါတယ်။ အဲ့တာက လာလီဂါရဲ့အကောင်းဆုံးအသင်းတွေထဲကတစ်သင်းနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး တကယ်ပွဲကောင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော် ရာသီကုန်ချိန်မှာ အရာအားလုံးကနေ အတွေ့အကြုံယူပါတယ်။ အခုအဆင့်အတန်းမှာ ဒီရာသီက ပြီးပြည့်စုံတယ်လို့ ဆိုရမှာပါ။ လာမယ့်ရာသီမှာလည်း အခုထက်ပိုကောင်းဖို့ မျှော်လင့်ပါတယ်”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် အာရှဘက်ကို ထွက်လာမှာဖြစ်ပြီး အပြောင်းအရွှေ့အတွက် ဂိုးသမားနေရာကို အားဖြည့်ဖို့ အက်စ်ပန်ညိုဂိုးသမား ဂါစီယာကို ချိတ်ဆက်နေပါတယ်။