
ဘာစီလိုနာအသင်းဖော်ဟောင်း ဆန်းချက်ဇ်ကို ကိုမိုအသင်းထံခေါ်ယူလိုနေတဲ့ ဖာဘရီဂတ်စ်
ကိုမိုအသင်းကို စီးရီးအေသို့ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ပြီးနောက်မှာတော့ နည်းပြ ဖာဘရီဂတ်စ်ဟာ ဘာစီလိုနာအသင်းဖော်ဟောင်း အလက်ဆစ်ဆန်းချက်ဇ်ကို သူ့ရဲ့အသင်းထံခေါ်ယူဖို့ ဆွဲဆောင်နေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။
ဆန်းချက်ဇ်ဟာ အင်တာမီလန်နဲ့ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့အလားအလာမရှိတာကြောင့် ဖာဘရီဂတ်စ်က ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံ့လက်ရွေးစင် ချီလီအသင်းနဲ့ပူးပေါင်းနေပြီး ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ အသက်-၃၅ နှစ်အရွယ်ကစားသမားဟာ အနားယူဖို့ရည်ရွယ်ချက်မရှိသေးဘဲ နောက်ရာသီမှာလည်း စီးရီးအေမှာ ဆက်လက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ ဆန်းချက်ဇ်ဟာ အင်တာမီလန်အတွက် စုစုပေါင်း ၃၃ ပွဲကစားရာမှာ ၄ ဂိုး သွင်းပြီး ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးကို ပါးမားအသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်ထားပေမယ့် အီတလီဘောလုံးသတင်းတွေက ကစားသမားဟာ စီးရီးဘီကနေ တန်းတက်လာတဲ့ အသင်းတစ်သင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ ဖော်ပြထားကြပါတယ်။
ကိုမိုကို စီးရီးအေသို့ တန်းတက်အောင် စွမ်းဆောင်ထားနိုင်တဲ့ ဖာဘရီဂတ်စ်ကလည်း သူနဲ့ဘာစီလိုနာမှာ ၂၀၁၁ ကနေ ၂၀၁၄ အထိအသင်းဖော်တွေဖြစ်ခဲ့ကြတဲ့ ဆန်းချက်ဇ်နဲ့ ပြန်လည်ပူးပေါင်းလိုနေတာလည်း ဖြစ်ပါတယ်။ ကိုမိုအသင်းဟာ လွန်မ်ဘာဒီဒေသအတွင်းမှာရှိနေတာကြောင့် ဆန်းချက်ဇ်အနေနဲ့ ဖာဘရီဂတ်စ်ရဲ့အသင်းသို့ ရောက်ရှိခဲ့မယ်ဆိုရင်တော့ အိမ်ပြောင်းစရာမလိုတဲ့ အခြေအနေမှာ ရှိနေပါတယ်။