
အသင်းကြီးဆိုရင် ၁-ဝဂိုးနဲ့ ဘယ်လိုနိုင်အောင်ကစားရမယ်ဆိုတာ သိသင့်တယ်လို့ ချဲလ်ဆီးကစားသမားတွေကို မာရက်စ်ကာသတိပေး
ယနေ့နံနက် ကစားခဲ့တဲ့ FA ဖလားပွဲမှာ ချဲလ်ဆီးအသင်းက ဘရိုက်တန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး စတုတ္ထအဆင့်နဲ့တင် ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ဒီပွဲအပြီးမှာ ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စကာတစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ သူ့အသင်းရဲ့ အားနည်းချက်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ပါတယ်။ အထူးသဖြင့် ၁-၀ ဂိုးနဲ့ ဦးဆောင်ထားတဲ့ ပွဲတွေကို ဘယ်လို ထိန်းသိမ်းပြီး အနိုင်ရအောင် ကစားရမလဲဆိုတာကို သင်ယူဖို့ လိုအပ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။
အဝေးကွင်းမှာ ဘရိုက်တန် ဂိုးသမား ဗာဘရူဂင်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ချဲလ်ဆီးတို့ ပွဲအစမှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ပွဲချိန် ၅ မိနစ်မှာ ပယ်လ်မာရဲ့ အားမပါတဲ့ ဖြတ်တင်ဘောကို ဂိုးထဲကို ဖမ်းယူဖို့ ကြိုးစားရင်း ဗာဘရူဂင် လက်ထဲက လွတ်ကျပြီး ကိုယ့်ဂိုးကိုယ် ပြန်ဝင်သွားခဲ့တာပါ။ ဘရိုက်တန် ပရိသတ်တွေ တိတ်ဆိတ်သွားပေမဲ့ သူတို့အသင်းက မကြာခင်မှာပဲ တုံ့ပြန်နိုင်ခဲ့ပါတယ်။
ရူတာက ချေပဂိုးသွင်းယူပြီး ပထမပိုင်းမှာ ပွဲကို သရေရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၅၀ မှာ မီတိုမာက ဘရိုက်တန်အတွက် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။ ဒီရာသီမှာ ၁-၀ ဂိုးနဲ့ ဦးဆောင်ထားတဲ့ ပွဲတွေကို အနိုင်မကန်နိုင်တဲ့ ပြဿနာနဲ့ ရုန်းကန်နေရတဲ့ မာရက်စကာက ချဲလ်ဆီးအသင်းရဲ့ ဦးဆောင်ဂိုးကို မထိန်းသိမ်းနိုင်ခဲ့တဲ့အပေါ် စိတ်ပျက်စွာနဲ့ ဝေဖန်ခဲ့ပါတယ်။
“ရက်သတ္တပတ် အနည်းငယ်အကြာကတည်းက ကစားသမားတွေကို ဒီအကြောင်း ပြောထားပြီးသားပါ။ ဒီညမှာလည်း ထပ်ပြောပါတယ်။ တခါတလေမှာ ပွဲတစ်ပွဲကို ၁-၀ ဂိုးနဲ့ ဘယ်လို အနိုင်ရအောင် ကစားရမလဲဆိုတာကို သင်ယူဖို့ လိုအပ်ပါတယ်။ အသင်းကြီးတွေဆိုတာ အဲဒီလို ပွဲမျိုးတွေကို အနိုင်ယူတတ်ကြတယ်” လို့ မာရက်စကာက ဆိုပါတယ်။
မာရက်စကာ လက်ထက်မှာ ချဲလ်ဆီးအသင်း ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲက စက်တင်ဘာလတုန်းက ဘုန်းမောက်အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲ တစ်ပွဲတည်းသာ ရှိပါသေးတယ်။ သို့ပေမဲ့ သူက ချဲလ်ဆီးအသင်း ကောင်းကောင်း ကစားနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်နဲ့ ကွန်းဖရန့်လိဂ်ပြိုင်ပွဲတွေမှာ အာရုံစိုက်နိုင်တော့မှာဖြစ်လို့ အကောင်းမြင်စိတ်ကို ဆက်လက် ထိန်းသိမ်းထားပါတယ်။