The network connection is lost.

Banner Image

ယူနိုက်တက်သို့ ပြောင်းရွှေ့ဖို့ မီးစိမ်းပြလိုက်တဲ့ ဒီလစ်

ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလစ်ဟာ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့လိုကြောင်း ဖော်ပြခဲ့တာကြောင့် ယခုအခါမှာတော့ အိုးလ်ထရက်ဖို့ဒ် အသင်းဟာ ကစားသမားကိုခေါ်ယူဖို့ ဂျာမန်ကလပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ အဲဗာတန်နောက်ခံလူ ဂျရတ်ဘရန့်ဝိတ်ကို ခေါ်ယူဖို့လည်း ဒုတိယအကြိမ်ကမ်းလှမ်းမှုပြုလုပ်ထားတာကြောင့် အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ နောက်တန်းကစားသမား ၂  ဦးကို စတင်ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

နယ်သာလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို ၂၀၂၄ မှာပါဝင်ယှဉ်ပြိုင်နေတဲ့ ဒီလစ်ဟာ သူ့ရဲ့နည်းပြဟောင်း အဲရစ်တန်ဟက်နဲ့ ပြန်လည် လက်တွဲဖို့စိတ်အားထက်နေတယ်လို့ဆိုပါတယ်။ ဒီလစ်နဲ့ တန်ဟက်တို့ဟာ အေဂျက်စ်မှာ အတူတူလက်တွဲခဲ့ဖူးကြတာဖြစ်ပြီး နယ်သာလန်ကလပ်အတွက် အောင်မှုတွေဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီလစ်ကိုခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်း+အပိုဆုကြေး အပါအဝင် ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို  ကမ်းလှမ်းသွားမယ်လို့သိရပါတယ်။ ဒီလစ်နေရာမှာအစားထိုးဖို့ လေဗာကူဆင်နောက်ခံလူ ဂျွန်နသန်တာကို ပစ်မှတ်ထားနေပြီး ဘဏ္ဍာငွေလိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ် အနေနဲ့လည်း ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို သဘောတူညီဖို့ အလားအလာရှိနေပါတယ်။

ဒီလစ်ကို ဗဟိုညာနောက်ခံလူအဖြစ် အသုံးပြုချင်နေတဲ့ယူနိုက်တက်ဟာ အဲဗာတန်နောက်ခံလူ ဘရန့်ဝိတ်ကို ခေါ်ယူနိုင်ရေးကိုလည်း လက်လျှော့ခြင်းမရှိသေးဘဲ ကမ်းလှမ်းမှုအသစ်ပြုလုပ်ထားတယ်လို့သိရပါတယ်။ ယူနိုက်တက်ဟာ အသက်-၂၂ နှစ်အရွယ် ကစားသမားအတွက် ပေါင် ၃၈ သန်း+ အပိုဆုကြေးငွေ ၅ သန်းနဲ့ ကနဦးကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ကစားသမားကို ပေါင်သန်း ၇၀ အထိ တန်ကြေးသတ်မှတ်ထားတဲ့အဲဗာတန်က သဘောမတူဘဲ ပယ်ချခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အနေနဲ့ အဆိုပါဈေးနှုန်းအထိ ပေးချေလိုခြင်းမရှိပေမယ့် ကစားသမားကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာကြောင့် ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုကို ချိန်ဆနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ နောက်ခံလူအပြင် ယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်နဲ့ တိုက်စစ်မှူးတစ်ယောက်ကိုခေါ်ယူဖို့အတွက်လည်း ဈေးကွက်အတွင်းမှာရှာဖွေနေပါတယ်။

တိုက်စစ်မှူးအနေနဲ့ ဘိုလော့ဂ်နာရဲ့ ပေါင် ၃၄ သန်းတန်ကြယ်ပွင့် ဂျိုရှူးဝါးဇာကီကို ပစ်မှတ်ထားနေပြီး ကွင်းလယ်နေရာအတွက်ကတော့ ပီအက်စ်ဂျီကစားသမား ယူဂါတီကိုခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ၂၀၁၈ မှာအေဂျက်စ်ကို စတင်တာဝန်ယူကိုင်တွယ်ပြီး ပြည်တွင်းဆုဖလားတွေ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တဲ့ တန်ဟက်ဟာ ဒီလစ်ကို အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး အသင်းဆောင်အဖြစ် ခန့်အပ်ခဲ့ပြီး ၂၀၁၈-၁၉ ဘောလုံးရာမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

တန်ဟက်အနေနဲ့ ဒီလစ်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် နယ်သာလန်သားဟာ အေဂျက်စ်ကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ အန်တိုနီ၊ ဒွန်နီဗန်ဒီဘိခ်၊ ခရစ်ရှင်အဲရစ်ဆင်၊ လီဆန်ဒရိုမာတီနက်ဇ်၊ အန်ဒရေအိုနာနာတို့နဲ့ ပေါင်းစည်းသွားရမှာဖြစ်ပါတယ်။ ယခုနွေရာသီမှာ ယူနိုက်တက်ဟာ ရာဖေးလ်ဗာရာနီကို ဆုံးရှုံးထားပြီး ဗစ်တာလင်ဒီလော့ဖ်ရဲ့ အနာဂတ်ကလည်း မရေရာတဲ့အခြေအနေမှာရှိနေပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုးအမြောက်အမြားခွင့်ပြုခဲ့ရတာကြောင့် ခံစစ်ကို အဓိကထား တည်ဆောက်နေတာလည်းဖြစ်ပါတယ်။