The network connection is lost.

Banner Image

ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့မယ့် အလားအလာအပေါ် အရိပ်အမြွက်ဆွေးနွေးလိုက်တဲ့ ဒီဘရိုင်း

ကီဗင်ဒီဘရိုင်းက မယုံကြည်နိုင်လောက်စရာငွေကြေးပမာဏတစ်ရပ်အတွက် အရာရာတိုင်းကို လမ်းဖွင့်ပေးထားဖို့ လိုအပ်တယ်လို့ ပြောဆိုရင်း မန်စီးတီးနဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန် ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့မယ့် အလားအလာအကြောင်း အရိပ်အမြွက်ထုတ်ဖော်လိုက်ပါတယ်။
 
အသက်-၃၂ နှစ်အရွယ်ကြယ်ပွင့်က လက်ရှိဘောလုံးကမ္ဘာရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမားစာရင်းမှာ ပါဝင်နေသူဖြစ်ပြီး မန်စီးတီးကစားသမားဘ၀ အံ့အားသင့်ဖွယ်ကိုးနှစ်တာကာလအတွင်း အသင်းနဲ့အတူ ဆုဖလား ၁၆ လုံးအထိဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယံ လက်ရွေးစင်ကစားသမားအနေဖြင့် မကြာမီကာလအတွင်း မန်စီးတီးမှ ထွက်ခွာသွားလိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း မြင့်တက်လာနေပါတယ်။
 
လာမယ့်လအတွင်းမှာပဲ ဒီဘရိုင်းရဲ့စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ဆီ ဝင်ရောက်လာဖို့ ရှိနေပြီး ပရီးမီးယားလိဂ်ကြယ်ပွင့်တွေကိုခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက မိုဆာလက်၊ အလီဆင်၊ ဘရူနိုဖာနန်ဒက်စ်တို့လိုပဲ ဒီဘရိုင်းရဲ့အခြေအနေကိုလည်း အနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။
 
 
တဖက်မှာလည်း မန်စီးတီးက မာရက်ဇ်၊ လာပေါ်တေတို့လို အားထားရတဲ့ကစားသမားတွေကို လက်လွှတ်ခဲ့ရပြီးနောက် အရှေ့အလယ်ပိုင်းဒေသဆီ နောက်ထပ်ကြယ်ပွင့်တွေ ထပ်မံမစေလွှတ်ရဖို့ ဘယ်လ်ဂျီယံသားရဲ့ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၁၀၀ အထိ သတ်မှတ်ထားလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ အခုအချိန်အထိတော့ အနာဂတ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုမှုမျိုး မရှိသေးပေမယ့် HLN သတင်းဌာနနဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာတော့ ဒီဘရိုင်းက လာမယ့် ၁၂ လအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအကြောင်း အရိပ်အမြွက်ပြောဆိုလိုက်ပါတယ်။
 
ဒီဘရိုင်းအနေဖြင့် မန်စီးတီးမှထွက်ခွာဖို့အတွက် အလေးအနက်ထားစဉ်းစားနေတာမျိုး မရှိသေးပေမယ့် လာမယ့်တစ်နှစ်အတွင်း အပြောင်းအရွှေ့သာဖြစ်ပေါ်လာမယ်ဆိုရင် မက်လောက်စရာငွေကြေးပမာဏ ရရှိနိုင်လိမ့်မယ်ဆိုတဲ့အချက်ကိုတော့ ကောင်းကောင်းသိရှိထားပါတယ်။
 
ဒီဘရိုင်းက “ ကျွန်တော့်စာချုပ်သက်တမ်းက တစ်နှစ်ကျန်နေသေးတယ်ဆိုတော့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာ စဉ်းစားရတော့မှာပေါ့။ ကျွန်တော့်ရဲ့ အသက်အရွယ်အရဆိုရင် အရာရာတိုင်းအတွက် လမ်းဖွင့်ပေးထားရပါလိမ့်မယ်။ ခင်ဗျားတို့ကတော့ ကျွန်တော့်ကစားသမားဘ၀ ကုန်ဆုံးသွားစေနိုင်လောက်တဲ့ အံ့အားသင့်လောက်စရာ ငွေကြေးပမာဏတွေအကြောင်း ဆွေးနွေးနေကြပါတယ်။ တခါတရံမှာ ဒီလိုကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုအပ်ပါတယ်။ ခင်ဗျားတို့ပြောနေတဲ့နေရာမှာသာ နှစ်နှစ်လောက်ကစားမယ်ဆိုရင် မယုံကြည်နိုင်လောက်စရာ ငွေကြေးပမာဏတစ်ရပ်ကို ကျွန်တော် ရရှိသွားနိုင်ပါတယ်။ ဒီမတိုင်ခင်တော့ ကျွန်တော်က ဘောလုံးကို ၁၅ နှစ်လောက် ကစားထားခဲ့ပြီး အဲ့ဒီပမာဏလောက်အထိ မရရှိခဲ့ပါဘူး။ ဒီနောက်မှာတော့ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို စဉ်းစားသွားဖို့ လိုအပ်ပါတယ်။ အခုတော့ ကျွန်တော်က အဲ့ဒီအကြောင်းစဉ်းစားထားခြင်း မရှိသေးပါဘူး”လို့ ပြောပါတယ်။