
ရီးရဲလ်မက်ဒရစ်ရဲ့ တန်ကြေးသတ်မှတ်မှုကြောင့် အပြောင်းအရွှေ့အတွက် ခက်ခဲနေတဲ့ ဒန်နီ ဆီဘယ်လော့စ်
ဒန်နီ ဆီဘယ်လော့စ်နဲ့ ရီးရဲလ် ဘက်တစ်အသင်းတို့ နှစ်ဖက်စလုံးက ပြန်လည် ပူးပေါင်းချင်နေပေမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တန်ကြေးတောင်းဆိုမှုကြောင့် ဖြစ်နိုင်ခြေ နည်းနေပါတယ်။
ဆီဘယ်လော့စ်က ပြင်သစ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားဖို့အတွက် တစ်ရက်အချိန်ယူခဲ့ပြီးနောက် မာဆေးလ်အသင်း ဥက္ကဋ္ဌ ပက်ဘလို လွန်ဂိုရီယာကလည်း စိတ်ဝင်စားမှု ကို ရုပ်သိမ်းခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ မာဆေးလ်အသင်းနဲ့ အပြောင်းအရွှေ့ ပျက်သွားပြီးနောက် ဘက်တစ်က သူ့ရဲ့ နောက်ထပ် ဖြစ်နိုင်ခြေရှိတဲ့ အသင်းအဖြစ် သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ Estadio Deportivo သတင်းစာရဲ့ ဖော်ပြချက်အရတော့ ရီးရဲလ်မက်ဒရစ်အသင်းက ကစားသမားရဲ့ တန်ကြေးကို မလျှော့ချမချင်း ဒီနွေရာသီမှာ ဖြစ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။
ဘက်တစ်အသင်းကတော့ ဒီနွေရာသီမှာ အန်တိုနီကို ပြန်ခေါ်ဖို့ အသည်းအသန် ကြိုးပမ်းနေပါတယ်။ အန်တိုနီနဲ့ ဘက်တစ်အသင်းတို့ နှစ်ဖက်စလုံးက ယူနိုက်တက်ကို သူတို့ရဲ့ စည်းကမ်းချက်တွေနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်နိုင်ဖို့ အပြောင်းအရွှေ့ကာလအပြီးထိ အတူတူလုပ်ဆောင်နေကြပါတယ်။ အန်တိုနီက အဓိက ဦးစားပေးဖြစ်နေတဲ့အတွက် ဘက်တစ်အသင်းက ဆီဘယ်လော့စ်အတွက် ငွေသုံးဖို့ မဖြစ်နိုင်ပါဘူး။ ရီးရဲလ်မက်ဒရစ်ကတော့ ယူရို ၁၅ သန်းဝန်းကျင် ကမ်းလှမ်းမှု မရှိမချင်း ဆီးဘယ်လော့စ်ကို လက်လွှတ်မှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။
ဆီးဘယ်လော့စ်က ပြင်သစ်ကို ပြောင်းရွှေ့တာဟာ သူ့ရဲ့ ကစားသမားဘဝအတွက် နောက်ပြန်လှည့်လိုက်တာပဲလို့ ယူဆနေပါတယ်။ အာဆင်နယ်ကစားသမားဟောင်းဟာ နည်းပြ ဇာဘီ အလွန်ဆိုလက်အောက်မှာ သူ့နေရာအတွက် တိုက်ပွဲဝင်ဖို့ ဆန္ဒရှိနေပြီး အသင်းကနေ ထွက်ခွာဖို့လည်း စိတ်အားထက်သန်ခြင်း မရှိပါဘူး။ အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်ကတော့ ဆီးဘယ်လော့စ်ကို အတင်းအကျပ် ထွက်ခွာစေမှာ မဟုတ်ပါဘူး။ ဆီးဘယ်လော့စ်ကတော့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပါတယ်။
အလွန်ဆိုရဲ့ အသင်းကတော့ နိုင်ငံတကာပွဲတွေ မစတင်ခင် သြဂုတ်လ ၃၁ ရက်နေ့မှာ မာယော့ကာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဆီးဘယ်လော့စ်ကတော့ လာမယ့် ရက်သတ္တပတ် အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်အထိ အရောင်းစာရင်းတင်ထားတဲ့ လူစာရင်းမှာ ပါဝင်နေဦးမယ့်ပုံပါပဲ။