ရေရှည်ကစားနိုင်နေတဲ့နောက်ကွယ်ကအကြောင်းအရာကို ရော်နယ်ဒို ထုတ်ဖော်ပြောကြား
အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုက သူ့အနေနဲ့ အခုလိုမျိုးရေရှည်ကစားနိုင်နေတဲ့နောက်ကွယ်က အကြောင်းအရာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၄၀ အရွယ်ရှိနေပေမယ့်လည်း ရော်နယ်ဒိုဟာ အယ်လ်နာဆာနဲ့ကော ပေါ်တူဂီအသင်းနဲ့ပါ စံချိန်တွေတင်နိုင်ဖို့ လုပ်ဆောင်နိုင်နေဆဲဖြစ်ပါတယ်။ ပေါ်တူဂီသားက ကစားသမားဘဝကနေ အနားမယူခင်မှာ ကစားသမားဘဝဂိုး ၁၀၀၀ ပြည့်ဖို့ ပစ်မှတ်ထားနေကာ လက်ရှိမှာ ၅၁ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကစားသမားဘဝအသေးစိတ်ကအစပြင်ဆင်တာဖြစ်ပြီး အစားအသောက်အပြင် ပွဲအပြီးပြန်လည်ကြံ့ခိုင်မှုပါ ပြုလုပ်တာဖြစ်ပါတယ်။ အဆိုပါစည်းကမ်းတွေကြောင့်လည်း ရော်နယ်ဒိုတစ်ယောက် အသက် ၄၀ လောက်အထိ ခြေစွမ်းကျဆင်းခြင်းမရှိတာဖြစ်ပါတယ်။ အယ်လ်နာဆာကိုပြောင်းပြီးကတည်း ရော်နယ်ဒိုဟာ ၁၁၈ ပွဲမှာ ၁၀၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဆော်ဒီလိဂ်ရဲ့ရွှေဖိနပ်ဆုကို ၂ ကြိမ်ဆက်ရယူနိုင်ခဲ့ပါတယ်။ အခုလိုမျိုးရေရှည်ကစားနိုင်နေတာနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက နောက်ကွယ်ကအကြောင်းအရာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ကျွန်တော့်အတွက် အိပ်တာက အရေးအကြီးဆုံးအရာပါ။ ကျွန်တော် ၁၁ နာရီ - ၁၂ နာရီလောက်ဆို အိပ်ယာစဝင်ပါပြီ။ အဲ့နောက် မနက် ၈ နာရီခွဲဆို အိပ်ယာထပါတယ်။ အဲ့တာက ကျွန်တော်နေ့စဉ်လုပ်တာပါ။ ကျန်းမာတဲ့ဘဝအခြေအနေအတွက် အဲ့တာက အရေးအကြီးဆုံးအရာပါ”လို့ ရော်နယ်ဒိုက ဖြေကြားခဲ့ပါတယ်။ ရော်နယ်ဒိုတစ်ယောက် ကစားသမားဘဝက ဂိုး ၁၀၀၀ ပြည့်ပစ်မှတ်ထားနေတာနဲ့ပတ်သက်ပြီး ယူနိုက်တက်နောက်ခံလူဟောင်း ဒန်နီက အခုလိုပြောကြားခဲ့ပါတယ်။
“ကျွန်တော် သူမလုပ်နိုင်ဘူးလို့ မထင်ပါဘူး။ ဂိုးတွေသွင်းနေနိုင်သမျှ ဒဏ်ရာမရသမျှ သူလုပ်နိုင်မယ်ဆိုတာ မအံ့သြပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက ရော်နယ်ဒိုဖြစ်နေတာကြောင့်ပါ။
ဂိုး ၁၀၀၀ ပြည့်အပြင် သူ့သားဖြစ်သူနဲ့ကစားချင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားသားနဲ့ကစားရမှာက အောင်မြင်ခဲ့တာတွေထဲက အကြီးမားဆုံးပစ်မှတ်တွေထဲကတစ်ခုနဲ့ဆင်တူပါတယ်။ သူက တကယ့်အံ့ဖွယ်လူသားတစ်ဦးဖြစ်သလို အံ့ဖွယ်ကစားသမားတစ်ဦးပါ”လို့ ဒန်နီက ပြောကြားခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့သားဖြစ်သူဟာ အသက် ၁၄ နှစ်ရှိနေပြီးဖြစ်ကာ အယ်လ်နာဆာလူငယ်အသင်းမှာကစားနေတာဖြစ်ပါတယ်။
ဆော်ဒီမြေမှာ တစ်ဦးချင်းအောင်မြင်မှုတွေရရှိပေမယ့် ရော်နယ်ဒိုဟာ ဆုဖလားအောင်မြင်မှုတွေနဲ့တော့ ဝေးကွာနေဆဲဖြစ်ပါတယ်။ အယ်လ်နာဆာဟာ အခုရာသီသစ်ကို အကောင်းဆုံးစတင်ထားနိုင်ခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့မှာ အယ်လ်-ဟာဇန်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။