The network connection is lost.

Banner Image

ဆလိုဗေးနီးယားနဲ့ပွဲက ကျွန်တော့်ဘဝရဲ့အကောင်းဆုံး ပွဲပါလို့ ဆိုလာတဲ့ ကော်စတာ

ပေါ်တူဂီလက်ရွေးစင်ဂိုးသမား ဒီယေဂိုကော်စတာက ယနေ့နံနက်က ဆလိုဗေးနီးယားကို အနိုင်ရခဲ့တဲ့ ယူရို ၂၀၂၄ ရှုံးထွက် ၁၆ သင်း အဆင့်ပွဲစဉ်မှာ အသင်းအတွက် ပင်နယ်တီ ၃ လုံးကို ကာကွယ်နိုင်ခဲ့ပြီးနောက် ယခုပွဲစဉ်ဟာ ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးပွဲစဉ်ဖြစ်တယ်လို့ ဆိုလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ မိနစ် ၉၀ အတွင်း ၀-၀ နဲ့သရေ ရလဒ်ထွက်ပေါ်ခဲ့တာကြောင့် အချိန်ပိုဆက်ကစားခဲ့ရာ အချိန်ပိုမှာလည်း ၂ သင်းစလုံးဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးပင်နယ်တီအဆုံးအဖြတ်မှာတော့ ပေါ်တူဂီက ပင်နယ်တီ ၃ လုံးဝင်အောင်ကန်သွင်းနိုင်ခဲ့ပေမယ့် ဆလိုဗေးနီးယားက ၃ လုံးစလုံး လွဲချော်ခဲ့တာကြောင့် အနိုင်အရှုံးပြတ်သားခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ ပေါ်တူဂီအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ကော်စတာက “ဒါက ကျွန်တော့်ဘဝရဲ့အကောင်းဆုံး ပွဲလို့ထင်ပါတယ်။ အသင်းအတွက် ဘဝမှာ အသုံးဝင်ဆုံး ကစားသမားဖြစ်ခဲ့တဲ့ ပွဲလည်းဖြစ်နိုင်ပါတယ်။ အရမ်းပျော်ပြီး အသင်းကိုကူညီနိုင်ခဲ့တဲ့အတွက်လည်း စိတ်လှုပ်ရှားမိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ယခုပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီးနောက် ကော်စတာက ဆလိုဗေးနီးယားဘက်က ပင်နယ်တီကန်သွင်းတဲ့ကစားသမားတွေရဲ့ ကိုယ်ခန္ဓာလှုပ်ရှားပုံကို ဖတ်ဖို့ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။ ဂိုးသမားက “ကျွန်တော် သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဖတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ဘာပဲဖြစ်ဖြစ် သူတို့ကိုတားဆီးရမယ်လို့တွေးနေပြီး နောက်ဆုံးမှာတော့ နှလုံးသားရဲ့လမ်းကြောင်းနောက်ကို လိုက်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မိနစ် ၉၀ အပြီး အချိန်ပို မိနစ် ၃၀ အတွင်းမှာပေါ်တူဂီဟာ အခွင့်အရေးကောင်းတစ်ရပ်အဖြစ် ပင်နယ်တီပြစ်ဒဏ်ဘော ရရှိခဲ့သော်လည်း အသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုက ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းမရှိလို့ ပင်နယ်တီအဆုံးအဖြတ်အထိ သွားခဲ့ရတာဖြစ်ပါတယ်။ ပြိုင်ဘက် ဆလိုဗေးနီးယားဂိုးသမားက သူ့ရဲ့ပင်နယ်တီကန်ချက်ကို ပုတ်ထုတ်လိုက်ပြီးနောက်မှာတော့ ရော်နယ်ဒိုဟာ ငိုကြွေးနေခဲ့ပါတယ်။

ရော်နယ်ဒိုနဲ့ပတ်သက်ပြီး ကော်စတာက “ရော်နယ်ဒိုက အလုပ်အကြိုးစားဆုံး ကစားသမားပါ။ သူဘယ်လောက်အထိ စိတ်ပျက်သွားမလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ သူက သူ့ရဲ့အချိန်တွေအားလုံးကို ဒီပြိုင်ပွဲထဲမှာမြှုပ်နှံထားတာပါ။ ကျွန်တော်တို့ နောက်တစ်ဆင့်ကိုတက်ဖို့ ယုံကြည်ချက်ရှိရမယ်လို့ ခံစားခဲ့ရပါတယ်။ လူတိုင်းအမှားလုပ်တာပါပဲ။ ဒါပေမယ့် အရေးကြီးတာက အမှားပြီးရင် ဘာလုပ်ရမယ်ဆိုတာပါပဲ” လို့  ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာနာဒိုဆေးလ်ဗားရဲ့တတိယမြောက်ပင်နယ်တီကန်ချက်နဲ့ အတူ ကွာတားဖိုင်နယ်အဆင့်သို့ တက်လှမ်းလာနိုင်ပြီဖြစ်တဲ့ ပေါ်တူဂီဟာ တစ်ဖက်က ဘယ်လ်ဂျီယံကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပြင်သစ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်ကိုတော့ သောကြာနေ့၊ ဟမ်းဘတ်အားကစားကွင်းမှာ  ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။