The network connection is lost.

Banner Image

နာပိုလီကို ချန်ပီယံဖြစ်အောင် လုပ်ပေးပြီးနောက် “ထူးခြားလွန်းတဲ့” စီးရီးအေဖလားအောင်ပွဲလို့ ကွန်တီ ကြွေးကြော်

အန်တိုနီယိုကွန်တီက နာပိုလီအသင်းကို စီးရီးအေဖလားကို ဆွတ်ခူးနိုင်ဖို့ ဦးဆောင်ခဲ့ပြီးတဲ့နောက် နာပိုလီမှာ ဖလားရဖို့ အရမ်းခက်ခဲပါတယ် လို့ ပြောကြားခဲ့ပါတယ်။ နာပိုလီအသင်းဟာ သောကြာနေ့ညနေပိုင်းက ကက်ဂလီယာရီအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပြီး စုစုပေါင်း (၄) ကြိမ်မြောက်လိဂ်ဖလားကို ဆွတ်ခူးခဲ့ပါတယ်။ အင်တာမီလန်အသင်းက ကိုမိုအသင်းကို အနိုင်ရရှိခဲ့ပေမဲ့ ဒုတိယနေရာသာ ရခဲ့ပါတယ်။

ကွန်တီဟာ ပွဲပြီးတာနဲ့ အောင်ပွဲခံနေတဲ့ ကစားသမားတွေဆီကို ချက်ချင်းပဲ သွားရောက်ပူးပေါင်းခဲ့ပါတယ်။  ဒီအောင်ပွဲဟာ နာပိုလီအသင်းအတွက် မှတ်သားဖွယ်ရာတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ လူစီယာနို စပယ်လက်တီနည်းပြအဖြစ်နဲ့ ဖလားရရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၁၀) နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

"ဒါဟာ ထပ်ပြီးဖြစ်လာတာပါပဲ၊ တကယ်ကို အံ့သြစရာကောင်းပါတယ်။ ကျွန်တော်တို့ကွင်းထဲရောက်တဲ့အချိန်မှာ လူတွေအရမ်းများတာကြောင့် ဝင်ရတာတောင် ခက်ခဲခဲ့ပါတယ်။ ဒီလူတွေကို ကျွန်တော်တို့ စိတ်ပျက်အောင်လုပ်မိရင်တော့ အချိန်အတော်ကြာအောင် စိတ်ထဲမှာ စွဲနေမှာပါ"လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ကွန်တီက ပြောကြားခဲ့ပါတယ်။ အတွေ့အကြုံရင့်ကျက်တဲ့ နည်းပြက သူ့ရဲ့ကစားသမားတွေရဲ့ စိတ်ဓာတ်ခွန်အားကို ချီးကျူးခဲ့ပြီး ဖိအားတွေအများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ကွန်တီက"ဒီကောင်လေးတွေက အရမ်းတော်ကြပါတယ်၊ အရမ်းလည်းမလွယ်ကူခဲ့ပါဘူး၊ ကျွန်တော်တို့အပေါ် ဖိအားတွေက အရမ်းကြီးမားခဲ့ပေမဲ့ အကောင်းဆုံးနည်းလမ်းနဲ့ ရင်ဆိုင်ခဲ့ကြပါတယ်။ ဒါဟာ အရမ်းထူးချွန်တဲ့ရာသီတစ်ခုဖြစ်ခဲ့ပြီး ကစားသမားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထပ်ပြီးစိန်ခေါ်ချင်ခဲ့ကြတာကြောင့် ဒီချီးကျူးမှုကို ရထိုက်ပါတယ်။ အထူးသဖြင့် (၂) နှစ်အကြာမှာ ဖလားရခဲ့ပြီး နောက်ပြီးခဲ့တဲ့ရာသီမှာ အဆင့် (၁၀) နေရာမှာသာ ရပ်တည်ခဲ့ကြတဲ့သူတွေပါ"လို့ ပြောခဲ့ပါတယ်။

ကွန်တီဟာ ယခင်က ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတို့နဲ့အတူ စီးရီးအေဖလားကို ရယူခဲ့ပြီး ယခုအခါ နာပိုလီအသင်းနဲ့ပါ ရယူနိုင်ခဲ့တာကြောင့် ဖေဘီယိုကာပယ်လိုရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါပြီ။ ဒီလိုစိန်ခေါ်မှုက သူ့အတွက် ဘယ်လိုဖြစ်မလဲဆိုတဲ့အပေါ် ကွန်တီက "ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အမျှော်လင့်ဆုံး၊ အခက်ခဲဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး စိန်ခေါ်မှုပါပဲ" လို့ ရှင်းပြခဲ့ပါတယ်။  ပြီးခဲ့တဲ့ရာသီက "ပျက်စီးခဲ့တဲ့" အသင်းကို ပြန်လည်တည်ဆောက်ခဲ့ရတာနဲ့ အဓိကကစားသမားတွေကို အသင်းမှာ ဆက်ရှိနေအောင်စည်းရုံးခဲ့ရတာတွေဟာ ခက်ခဲခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဒီရာသီမှာ ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့တာကလည်း အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်ခဲ့ပြီး ဒဏ်ရာရကစားသမားပြဿနာကိုဖြေရှင်းနိုင်ခဲ့သလို ချန်ပီယံလိဂ်နဲ့ ကိုပါအီတာလီယာပြိုင်ပွဲတွေမှာ ကစားခဲ့ရတဲ့ အင်တာမီလန်အသင်းကို အနိုင်ယူပြီး ဖလားရရှိခဲ့တာဖြစ်ပါတယ်။