The network connection is lost.

Banner Image

ခံစစ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ ဘာစီလိုနာ

ဘာစီလိုနာဟာ ခံစစ်မှူး ခရစ္စတီယန်ဆန် ထပ်မံဒဏ်ရာရမှုကြောင့် နောက်ထပ်အခက်အခဲတစ်ခုကို ကြုံတွေ့ရပြီး ဒိန်းမတ်နိုင်ငံသားဟာ လာမယ့် ၃ ပတ်ကြာအထိ ကစားခွင့်မရှိဘဲ နားရတော့မှာဖြစ်ပါတယ်။ ဒိန်းမတ်ခံစစ်မှူးဟာ ရာသီအစက ဒုတိယပွဲစဉ်ကတည်းက ဖနောင့်ကြောဒဏ်ရာ ပြဿနာကြောင့် ကစားခွင့်မရခဲ့သော်လည်း ယခုအခါ ပြန်လည်သက်သာရန် လေ့ကျင့်ခန်းများ ပြန်လည် လုပ်ဆောင်ရမှာဖြစ်ပါတယ်။

ခရစ္စတီယန်ဆန်ဟာ ပြန်လည် သက်သာလာပြီဖြစ်သော်လည်း ဗဟိုခံစစ်မှူးကို မန်နေဂျာ ဟန်ဆီဖလစ်က ပြန်လည်အသုံးပြုရန် မစဉ်းစားသေးတာဖြစ်ပါတယ်။ အတ္တလန္တာ နှင့် ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မတိုင်မီ လေ့ကျင့်မှုအတွင်းတွင် ခရစ္စတီယန်ဆန်က ထပ်မံဒဏ်ရာရခဲ့ပြီး ပြန်လည်သက်သာရန် ၃ ပတ်ကြာမြင့်မျာဖြစ်ကြောင်း ကလပ်က အတည်ပြုခဲ့ပါတယ်။ ခရစ္စတီယန်ဆန်ဟာ အတ္တလန္တာနှင့်ပွဲအပြင် အလာဗက် (အိမ်ကွင်း) ၊ ဆီဗီလာ (အဝေးကွင်း) နှင့် ဗယ်လီကာနို (အိမ်ကွင်း) တို့နှင့် လိဂ်ပွဲစဉ်များတွင် ပါဝင်နိုင်မှာမဟုတ်သလို လာမယ့် ရက်သတ္တပတ် ဗလင်စီယာနှင့် ကစားရမယ့် ကိုပါဒဲရေး ဗိုလ်လုပွဲကိုလည်း ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ရာသီရဲ့ ပွဲတော်တော်များများတွင် ကစားခွင့်မရှိခဲ့တဲ့အတွက် ဟန်ဆီဖလစ်ဟာ အရူဂျို၊ ကူဘာဆီ နှင့် ဂါစီယာ တို့အား အလှည့်ကျအသုံးပြုရင်း အင်နီဂိုမာတီနက်ဇ်ရဲ့ ပြန်လည်ကောင်းမွန်လာမှုကို စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ဒီအခြေအနေဟာ အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံး ၆ ရက်အတွင်း ဘာစီလိုနာကို ထိခိုက်စေနိုင်ပါတယ်။ ခရစ္စတီယန်ဆန်ဟာ ဖာတီနှင့်အတူ ဇန်နဝါရီလရဲ့ နောက်ဆုံးရက်သတ္တပတ်တွင် ထွက်ခွာနိုင်ခြေရှိတဲ့ကစားသမား ၂ ဦးထဲမှ တစ်ဦးဖြစ်ပြီး ကစားခွင့် ပိုမိုရရန် ရှာဖွေနေခဲ့တာဖြစ်ပါတယ်။ ယခုအချိန်အထိ ဖာတီဟာ သူ့အား ရောင်းချရန် ကြိုးပမ်းမှုများကို အံတုနေဆဲဖြစ်ပြီး MD ရဲ့ဖော်ပြချက်အရ ခရစ္စတီယန်ဆန်ဟာ ရာသီကုန်အထိ အငှားပြောင်းရွှေ့မှုတစ်ခုကို ပိုမိုစဉ်းစားနိုင်ခြေရှိကြောင်း သိရပါတယ်။ သို့သော်လည်း သူ့ရဲ့ဒဏ်ရာဟာ ထွက်ခွာမှုကို မဖြစ်နိုင်စေရုံသာမက အပြောင်းအရွှေ့ကာလ ဘာစီလိုနာရဲ့ ကစားသမားအင်အားဖြည့်တင်းနိုင်မှုကိုလည်း ထိခိုက်စေပါတယ်။

ဘာစီလိုနာဟာ ယူနိုက်တက်ရဲ့ ရက်ရှ်ဖို့ဒ် နှင့် မန်စီးတီးက ဒိုကူတို့အား ရာသီကုန်အထိ အငှားဖြင့်ခေါ်ယူရန် ဆက်သွယ်မှုများ ပြုလုပ်ခဲ့သော်လည်း ကစားသမားတစ်ဦးဦး ထွက်ခွာမှုမရှိပါက လစာကန့်သတ်ချက်အတွင်း နေရာလွတ်အတွက် မလုံလောက်တော့တာဖြစ်ကြောင်း သိရပါတယ်။