
ယူနိုက်တက်ရဲ့ပွဲချဉ်းကပ်မှုပုံစံကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ လိုင်ယွန်တိုက်စစ်မှူးချာကီ
လိုင်ယွန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်ဆီ ယူနိုက်တက်အသင်းချဉ်းကပ်လာပုံကို တိုက်စစ်မှူးရာယန်ချာကီက လုံးဝအထင်မကြီးဘဲ သူ့အသင်းဟာ သရဲနီတွေကို ဘယ်တော့မှထိတ်လန့်နေမှာမဟုတ်ဘူးလို့ အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးညပိုင်း၊ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်နဲ့ လိုင်ယွန်တို့ ထိပ်တိုက်တွေ့ဆုံချိန် သရဲနီဂိုးသမားအိုနာနာရဲ့အမှားအယွင်းနှစ်ခုနဲ့အတူ တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။
ပွဲမစတင်ခင် ယူနိုက်တက်ဂိုးသမားက သူတို့ရဲ့အသင်းဟာ လိုင်ယွန်ထက် ပိုမိုကောင်းမွန်တယ်လို့ ပြောဆိုခဲ့ပေမယ့် စိတ်ပျက်စရာစွမ်းဆောင်ရည်နဲ့အတူ သူ့ရဲ့အခုလိုမှတ်ချက်စကားက မိမိကိုယ်ကိုယ်ပြန်လည်ခြောက်လှန့်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဆိုပါပွဲစဉ်အတွင်း သရဲနီတွေက ဇစ်ဇီးရဲ့ ပွဲချိန် ၈၈ မိနစ်သွင်းဂိုးနဲ့အတူ အဖိုးတန်နိုင်ပွဲရရှိဖို့ အတော်လေးနီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုနောက်ဆုံးမိနစ်မှာ ချာကီက လီဂူးဝမ်းကလပ်အသင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ချေပဂိုးကို သွင်းယူပေးရင်း ဒုတိယအကျော့ဆီ သရေရလဒ်နဲ့အတူ ခရီးဆက်လာခဲ့ပါတယ်။
အခုဘောလုံးရာသီမှာ ဂိုးသွင်းယူနိုင်ရေးရုန်းကန်နေရတဲ့ မန်ချက်စတာယူနိုက်တက်က လာမယ့်ကြာသပတေးနေ့မှာတော့ လိုင်ယွန်ကို အနိုင်ကစားသွားရပါမယ်။ ပြင်သစ်မြေပွဲစဉ်အတွင်း အာမိုရင်က အူဂါတီ၊ ကတ်စ်မဲရိုးတို့လို ကွင်းလယ်ခံစစ်ကစားသမားနှစ်ဦးကို ပွဲထွက်စေခဲ့ပြီး ဒါက ချာကီရဲ့အထင်ကြီးမှုကို မရရှိစေဘဲ ပြင်းထန်တဲ့ဝေဖန်မှုနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ RMC Sport ရဲ့ဖော်ပြချက်အရ ချာကီက “ ကျွန်တော်တို့ ပွဲချိန်ပြည့်ယှဉ်ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့တွေ အဲ့ဒီအသင်းထက် အများကြီးပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့အရည်အချင်းကိုလည်း အပြည့်အ၀ ပြသနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်က အသင်းကောင်းတစ်ခုပဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ကို ဘယ်တော့မှ ကြောက်ရွံ့ထိတ်လန့်နေမှာ မဟုတ်ပါဘူး”လို့ ပြောပါတယ်။
အိုနာနာရဲ့ပွဲကြိုမှတ်ချက်စကားနဲ့ပတ်သက်လို့လည်း တိုက်စစ်မှူးက “ ဒါနဲ့ပတ်သက်လို့ သူတို့ကိုယ်တိုင် အဖြေရရှိသွားပါပြီ။ ကွင်းလယ်ခံစစ်ကစားသမားနှစ်ဦးနဲ့ပွဲထွက်လာချိန် ပြောစရာစကားတောင် မလိုတော့ပါဘူး။ လာမယ့်သီတင်းပတ်မှာလည်း ကျွန်တော်တို့တွေ တိုက်စစ်ဖွင့်ကစားသွားပါမယ်။ သူတို့လုပ်ခဲ့သလို ခံစစ်ပိတ်ကစားနေမှာ မဟုတ်ပါဘူး။ ကွင်းလယ်ခံစစ်ကစားသမားနှစ်ဦးနဲ့ပွဲထွက်လာတယ်ဆိုတော့ သူတို့က ကျွန်တော်တို့ကို အရမ်းထိတ်လန့်နေတယ်ဆိုတာ သေချာသွားခဲ့တယ်။ အိုးထရက်ဖို့ဒ်မှာလည်း အဲ့ဒီလိုမလုပ်သွားဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ကတော့ အောင်ပွဲရရှိဖို့သာ စိတ်ထဲမှာရည်မှန်းပြီး အရမ်းကောင်းတဲ့ကစားပုံနဲ့ ကစားနိုင်တယ်ဆိုတာ သက်သေပြကာ တိုက်စစ်ဖွင့်ကစားသွားပါမယ်”လို့ ဆိုပါတယ်။ အခုသီတင်းပတ်ကုန်ပိုင်းမှာတော့ ယူနိုက်တက်က နယူးကာဆယ်နဲ့ အဝေးကွင်းပွဲစဉ်၊ လိုင်ယွန်က အော်ဇေးနဲ့ အဝေးကွင်းပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားပါမယ်။