ဘာစီလိုနာကြယ်ပွင့်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မာ့ခ်ဂူအီယူကို ခေါ်ယူဖို့ နီးစပ်နေပြီး စပိန်သတင်းတွေအရ ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၅ သန်းသာ ရှိတာကြောင့် မကြာမီမှာပဲ အလျင်အမြန်လှုပ်ရှားသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
အသက်-၁၈ နှစ်အရွယ် ကစားသမားဟာ ဘာစီလိုနာစီနီယာအသင်းအတွက် ပြီးခဲ့တဲ့ရာသီမှာ စတင်ပွဲထွက်နိုင်ခဲ့ပြီး ၇ ပွဲ ကစားခဲ့ရာမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော်လည်း လက်ရှိဘာစီလိုနာတိုက်စစ်မှာက နေရာရဖို့ ပြိုင်ဆိုင်မှု ပြင်းထန်တာကြောင့် ဆယ်ကျော်သက် ကစားသမားဟာ ဘာစီလိုနာဘီ အသင်းမှာပဲ ပုံမှန်ပွဲထွက်ခွင့်ရနေပြီး ၁၇ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းယူထားနိုင်ပါတယ်။
ယခုအခါမှာတော့ ချဲလ်ဆီးက ဂူအီယူကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီ ဖြစ်တာကြောင့် ကစားသမားအနေနဲ့ တနင်္ဂနွေနေ့မှာ ဘာစီလိုနာဘီ အသင်းအတွက် နောက်ဆုံးပွဲစဉ်ကို ကစားရဖို့ရှိနေပါတယ်။ သတင်းတွေအရ ချဲလ်ဆီးဟာ ကစားသမားအတွက် စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့အဆင်သင့်ရှိနေကြောင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေညှိနှိုင်းဖို့ စတင်ဆွေးနွေးလိုနေတယ်လို့သိရပါတယ်။
ဘိုင်ယန်မြူးနစ်ကလည်း လူငယ်ကသမားကို ယခုနှစ်နွေရာသီမှာပဲခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် လောလောဆယ်မှာတော့ ချဲလ်ဆီးက ခေါ်ယူဖို့ အဖြစ်နိုင်ဆုံးအခြေအနေမှာရှိနေပါတယ်။ ဂူအီယူဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဇာဗီလက်အောက်မှာ ဘာစီလိုနာ အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ဘီလ်ဘာအိုကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ဂူအီယူနဲ့ပတ်သက်ပြီး ဇာဗီက “ဂူအီယူက ဒေသခံကလေးတစ်ယောက်ဖြစ်ပေမယ့် ကျွန်တော်တို့အတွက်တော့ ထူးခြားပါတယ်။ သူ့မှာ ပန်းတိုင်ရှိပြီး မီးတောက်လိုထက်သန်တဲ့စိတ်ဓာတ်ရှိတာကြောင့် ကျွန်တော့်အနေနဲ့သူ့ကို သဘောကျပါတယ်။ အကယ်ဒမီမှာ ကစားသမားလေးတွေကိုရှာရတာ ပြဿနာမရှိပါဘူး။ ကျွန်တော် အသက် ၁၇-၁၈ တုန်းကရခဲ့တဲ့ ယုံကြည်မှုမျိုး သူတို့ကိုလည်း ပေးထားပါတယ်။ သူတို့တွေ ဘာကိုမှမကြောက်တတ်တာတော့ ကျွန်တော်အံ့ဩပါတယ်။ ဂါဗီ၊ ဘယ်လ်ဒီ၊ လာမိုင်းနဲ့ ဖာမင်တို့ကိုလည်း ဒီပုံစံအတိုင်းပဲတွေ့ခဲ့တာပါ။ ဂူအီယူကလည်း သူတို့နဲ့အတူတူပါပဲ” လို့ ပြောကြားခဲ့ပါတယ်။