The network connection is lost.

Banner Image

အပြောင်းအရွှေ့အတွက် ဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူက အယ်လ်ဟီလယ်နဲ့ ဆွေးနွေးမှုပြုလုပ်နေ

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်သို့ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်ထားပြီး ယခုအခါမှာ ကစားသမားရဲ့အေးဂျင့်ဖြစ်သူက ဆော်ဒီကလပ်နဲ့ လူတွေ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ 

သတင်းတွေအရ အယ်လ်ဟီလယ်ဟာ ဖာနန်ဒက်စ်ကိုနောက်ဆုံးအနေနဲ့ ကြီးမားတဲ့ကမ်းလှမ်းမှုတစ်ခုပြုလုပ်ထားခဲ့ပြီး ဆုံးဖြတ်ချိန် ၃ ရက်သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဖာနန်ဒက်စ်ဟာ အဆိုပါကမ်းလှမ်းချက်ကို ပြန်လည်တုံ့ပြန်ခြင်းမရှိသေးဘဲ အေးဂျင့်နဲ့သာ ဆွေးနွေးမှုတွေပြုလုပ်ခိုင်းထားတာဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ရဲ့အေးဂျင့်ဖြစ်သူ မီဂူရယ်ပင်နိုဟာ ဆော်ဒီအာရေဗျသို့ရောက်ရှိနေပြီး အယ်လ်ဟီလယ်ရဲ့တာဝန်ရှိသူတွေနဲ့ အပြုသဘောဆောင်တဲ့ဆွေးနွေးမှုတွေ ပြုလုပ်ထားနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားတဲ့ အယ်လ်ဟီလယ်အနေနဲ့ အပြောင်းအရွှေ့ကိစ္စကို ဆွဲဆန့်ထားတာမျိုးမလိုချင်တာကြောင့် ပြိုင်ပွဲမတိုင်မီ သေချာရေရာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို စောင့်မျှော်နေတာဖြစ်ပါတယ်။ 

ဖာနန်ဒက်စ်ကလည်း လက်ရှိအချိန်မှာ ယူနိုက်တက်နဲ့အတူ အာရှခြေစမ်းခရီးစဉ်အတွက် မလေးရှားနဲ့ ဟောင်ကောင်တို့ကိုသွားရောက်နေပြီး ဆွေးနွေးမှုရဲ့ရလဒ်ကို စောင့်ဆိုင်းနေတယ်လို့သိရပါတယ်။ အယ်လ်ဟီလယ်အနေနဲ့ ပေါ်တူဂီလက်ရွေးစင်ကို တစ်ပတ်လုပ်ခ ပေါင် ၇ သိန်းအထိရရှိနိုင်တဲ့ စာချုပ်နဲ့အတူ အပိုဆုကြေးအပါအဝင် ၃ နှစ်အတွင်း ပေါင်သန်း ၂၀၀ အထိပေးချေသွားမယ်လို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ 

တကယ်လို့ ကစားသမားဘက်က ပြောင်းရွှေ့ဖို့ လက်ခံလိုက်တာနဲ့တပြိုင်နက် အယ်လ်ဟီလယ်ဟာ ချက်ချင်းပဲ စာချုပ်ချုပ်ဆိုသွားဖို့ အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။ ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့အားအကိုးရဆုံး ကွင်းလယ်လူကို ရောင်းချလိုခြင်းမရှိပေမယ့် ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့အတွက် ဘဏ္ဍာငွေလိုအပ်နေတာကြောင့် ရောင်းချသွားနိုင်ချေရှိပါတယ်။

မကြာသေးမီက ဖာနန်ဒက်စ်ကလည်း အသင်းအနေနဲ့ ဘဏ္ဍာငွေအတွက် သူ့ကိုရောင်းချမယ်ဆိုပါက ထွက်ခွာသွားဖို့အသင့်ရှိကြောင်းကို "တကယ်လို့ အသင်းကပိုက်ဆံလိုနေရင်တော့ ကျွန်တော်တို့ လမ်းခွဲရဖို့ရှိပါတယ်" လို့ပြောကြားထားပါတယ်။