The network connection is lost.

Banner Image

ဘိုင်ယန် လေဗာကူဆင်အသင်းမှာ ပျော်ရွှင်စရာတွေ ပြန်လည်ရရှိလာပြီလို့ ပြောကြားလိုက်တဲ့ အသင်းဒါရိုက်တာ

ဘိုင်ယန် လေဗာကူဆင်အသင်း ဒါရိုက်တာ ဆိုင်မွန် ရောလ်ဖက်စ်ကတော့ အဲရစ် တန်ဟက်ဂ်ကို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်လို့ ဘာမှ နောင်တရခြင်း မရှိဘူးလို့ အရိပ်အမြွက် ပြောကြားခဲ့ပြီး ‘ကောင်းမွန်တဲ့ ပျော်ရွှင်မှုတွေ’ ပြန်လည် ရရှိလာပြီလို့ ပြောကြားခဲ့ပါတယ်။

လေဗာကူဆင်အသင်းရဲ့ အားကစားဒါရိုက်တာ ရောလ်ဖက်စ်ကတော့ တန်ဟက်ဂ်ကို ခန့်အပ်ခဲ့တာဟာ ကပ်ဆိုးတစ်ခုဖြစ်ခဲ့ကြောင်း ပြန်လည်အလေးပေးပြောဆိုနေပါတယ်။ တန်ဟက်ဂ်ရဲ့ ရာထူးမှ ထုတ်ပယ်ခံရမှုဟာ ကောင်းချီးတစ်ခုလိုပဲ ဖြစ်ခဲ့တယ်လို့လည်း ရောလ်ဖက်စ်က ပြောဆိုခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြ ထွက်ခွာသွားပြီးနောက်မှာ အဝတ်လဲခန်းထဲမှာ ပျော်ရွှင်မှုတွေ ပြန်လည်ရောက်ရှိလာပြီး ကစားသမားတွေကလည်း ကွင်းထဲမှာ ‘ဘာလုပ်သင့်တယ်ဆိုတာ သိနေကြပြီ’လို့ သူက ဆိုပါတယ်။

၂၀၂၃-၂၄ ဘွန်ဒက်စ်လီဂါချန်ပီယံဟောင်းဖြစ်တဲ့ လေဗာကူဆင်အသင်းဟာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းမှာ ဇာဘီ အလွန်ဆို ရီးရဲလ်မက်ဒရစ်နည်းပြသစ် ဖြစ်သွားခဲ့ပြီးနောက် တန်ဟက်ဂ်ကို ခန့်အပ်ခဲ့ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရတဲ့ တန်ဟက်ဂ်ဟာ မီဒီယာဖိအားနဲ့ ပရီးမီးယားလိဂ်ထက် ဖိအားနည်းတဲ့ ဘွန်ဒက်စ်လီဂါမှာ အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ထားခဲ့ကြပါတယ်။

ဒါပေမဲ့ တန်ဟက်ဂ်ဟာ ပြင်ဆင်မှုတွေ အကြီးအကျယ် လုပ်ထားရတဲ့ လေဗာကူဆင်အသင်းကို ကိုင်တွယ်ဖို့ ကြီးမားတဲ့ တာဝန်ကို ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ လေဗာကူဆင်အသင်းဟာ ဖလော်ရီယန် ဝါ့ဇ်၊ ဂျိုနသန် တာ၊ ဂျီရီမီ ဖရင်ပေါင်၊ ပီယဲရို ဟင်ကာပီ၊ လူကပ်စ် ဟရာဒက်ကီ၊ ဂရန်းနစ် ဇာခါနဲ့ ဗစ်တာ ဘွန်နီဖေ့စ်တို့ကို လုံလောက်တဲ့ လူအင်အားဖြည့်တင်းမှုမရှိဘဲ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်ဂ်ဟာ ဒီအက်ဖ်ဘီ ပိုကာဖလား ပထမအဆင့်မှာ ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် လိဂ်ပွဲစဉ် ၂ ပွဲမှာ ၁ ပွဲ ရှုံး၊ ၁ ပွဲ သရေကျခဲ့ပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တတိယတန်းအသင်း ဗစ်တိုးရီးယား ကိုလိုးနီကို ၂-၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ ခြေစမ်းပွဲမှာ ယာယီနည်းပြတွေဖြစ်တဲ့ ရိုဂီယာ မေဂျာနဲ့ အန်ဒရီစ် အူလ်ဒရင်ခ်တို့က တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။ အဲဒီနိုင်ပွဲအပြီး ရောလ်ဖက်စ်က ပျော်ရွှင်နေပြီး ဒီတစ်ပတ်မှာ အပြောင်းအလဲများစွာကို သတိထားမိတယ်လို့ ပြောကြားခဲ့ပါတယ်။

‘ကျွန်တော် တကယ့်ကောင်းမွန်တဲ့ ပျော်ရွှင်မှု ကို ခံစားမိပါတယ်။ ပြီးခဲ့တဲ့ ၂ ရက်က လေ့ကျင့်ခန်းဆင်းတုန်းနဲ့ ဒီနေ့ပွဲစဉ်မှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ အသင်းဖွဲ့စည်းပုံ ရှိခဲ့ပြီး အကျင့်ဖြစ်နေခဲ့တာကြောင့် တကယ်ကို ကောင်းခဲ့ပါတယ်။ ရိုဂီယာက သူရဲ့အဖွင့်စကားပြောဆိုမှုနဲ့ ပွဲအတွက် ပြင်ဆင်မှုတွေမှာ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်။ ဒါကလည်း ထင်ရှားနေတာပါ။ ကစားသမားတွေဟာ ဘာလုပ်ရမယ်ဆိုတာကို သိနေခဲ့ကြပြီး အကောင်းဆုံး လုပ်ဆောင်ခဲ့ကြပါတယ်’

‘လူးကပ်စ် ဗက်စ်ကွက်ဇ် က ကျွန်တော်တို့ရဲ့ကစားပွဲကို အတွေ့အကြုံနဲ့ အရည်အချင်းများစွာ သယ်ဆောင်လာနိုင်ပါတယ်။ သူနဲ့ လော့စ် ဘာဒီ တို့ကလည်း ဆက်သွယ်ပြောဆိုတဲ့နေရာမှာ ဦးဆောင်ခဲ့ပါတယ်။ အီကွီ ဖာနန်ဒက်ဇ်ကလည်း မိနစ်တိုင်း ပိုကောင်းလာတာကို မြင်တွေ့နိုင်ပါတယ်။ ဒီနေ့ပွဲက သူတို့အားလုံးအတွက် အရေးပါခဲ့ပါတယ်’လို့ ရောလ်ဖက်စ်က ထပ်ပြောခဲ့ပါတယ်။

လက်ထောက် နည်းပြ မေဂျာကတော့ လေဗာကူဆင်အသင်းဟာ တန်ဟက်ဂ်ရဲ့နေရာကို အစားထိုးမယ့်သူကို ရှာဖွေနေချိန်မှာ ယာယီနည်းပြတာဝန်ကို ယူထားပါတယ်။ တန်ဟက်ဂ် ထုတ်ပယ်ခံခဲ့ရပြီးကတည်းက လေဗာကူဆင်အသင်းဟာ နာမည်ကြီးနည်းပြအချို့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒေါ့မွန်နည်းပြဟောင်း အီဒင် တာဇစ်ကို စိတ်ဝင်စားနေသလို၊ ရီးရဲလ် မက်ဒရစ်ဂန္ထဝင်ကစားသမားဟောင်း ရာအူးလ်ကလည်း အိုင်းထရက် ဖရန့်ဖတ်အသင်းနဲ့ သတင်းထွက်ပေါ်ပြီးနောက် လေဗာကူဆင်ကို ကိုင်တွယ်နိုင်ဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီအကုန်က တော့တင်ဟမ်ကို ယူရိုပါလိဂ်ဖလား ရယူပေးနိုင်ခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရတဲ့ အန်ဂီ ပိုစတီကိုဂလူဟာ လေဗာကူဆင်အသင်း စိတ်ဝင်စားနေတဲ့ နောက်ထပ် နာမည်တစ်ခုလည်း ဖြစ်ပါတယ်။