The network connection is lost.

Banner Image

မာယော့ကာနဲ့ လာလီဂါပွဲစဉ်ကို လွဲချော်မယ့် ဘာစီလိုနာနည်းပြဇာဗီနဲ့ နောက်ခံလူအရူဂျို

လာမယ့်သောကြာနေ့၊ မာယော့ကာနဲ့ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်မှာ ဘာစီလိုနာက ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် နည်းပြဇာဗီနဲ့ နောက်ခံလူအရူဂျိုတို့ကို လက်လွှတ်သွားရဖို့ ရှိပါတယ်။ ဆန်မာမီးစ်ကွင်းမှာ ဘီလ်ဘာအိုနဲ့ရင်ဆိုင်ကစားရတဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲချိန်အတွင်း အဝါကတ်ပြသခံရပြီးနောက် ဒီလူနှစ်ဦးက ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။

အရူဂျိုက အခုဘောလုံးရာသီအတွင်း ငါးကြိမ်မြောက်အဝါကတ်ကို ရရှိခဲ့တာဖြစ်လို့ သောကြာနေ့ပွဲစဉ်ကို လွဲချော်ရတာပါ။ အကောင်းဘက်ကတွေးရင်တော့ လာမယ့်သီတင်းပတ်၊ ဗုဒ္ဓဟူးနေ့ နာပိုလီနဲ့ပွဲစဉ် မတိုင်ခင်အထိ သူ့ကို အနားပေးသွားနိုင်မယ့်အချက်ပဲ ဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြဇာဗီလည်း မာယော့ကာနဲ့ပွဲစဉ်အတွင်း ပွဲကြည့်စင်ပေါ်မှာပဲ ရှိနေပါလိမ့်မယ်။ သူကလည်း ငါးကြိမ်မြောက်အဝါကတ်ပြစ်ဒဏ်ရရှိလို့ အခုလိုတစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရတာပါ။ ဘီလ်ဘာအိုနဲ့ပွဲစဉ်မတိုင်ခင် အဝါကတ်တွေပြသခံရခြင်းနဲ့ပတ်သက်လို့ ဘာစီလိုနာနည်းပြက သူ့ရဲ့ခုံမင်နှစ်သက်မှုအကြောင်း သတင်းထောက်တွေကို ရှင်းပြပြောဆိုခဲ့ပါတယ်။

သူက “ကျွန်တော်ကိုယ်တိုင်လည်း ငါးကြိမ်မြောက်အဝါကတ်ပြစ်ဒဏ်မရရှိဖို့ ကြိုးစားသွားရပါလိမ့်မယ်။ ကျွန်တော်က စိတ်ဓါတ်ပြင်းထန်သူဖြစ်ပြီး ဒီလိုပုံစံနဲ့ပဲ ဘောလုံးနဲ့အတူ ကျွန်တော်ရှင်သန်နေပါတယ်။ ဆန်မာမီးစ်ကွင်းပွဲစဉ်က ပြင်းထန်မှုရှိလာပါလိမ့်မယ်။ ကျွန်တော်က ဘောလုံးအတွက် ရှင်သန်နေပြီး လူသားတစ်ဦးလည်းဖြစ်တာကြောင့် တခါတရံမှာ အမှားတွေလုပ်မိပြန်ပါတယ်”လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းရဲ့လာမယ့်သောကြာညပိုင်းပွဲစဉ်ကို ကွင်းလယ်လူဒီဂျောင်လည်း လွဲချော်နိုင်ဖွယ် ရှိပါတယ်။ သူက ဘီလ်ဘာအိုနဲ့ပွဲစဉ်၊ ပွဲချိန်အစောပိုင်းမှာပဲ ခြေကျင်းဝတ်ပြဿနာတစ်ခုနဲ့အတူ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။