အိုလ်မိုကို ဒုတိယရာသီဝက်အတွက် ကစားသမားမှတ်ပုံတင်ပြုလုပ်နိုင်မယ်လို့ ဘာစီလိုနာ ယုံကြည်
ဘာစီလိုနာဟာ ဘဏ္ဍာရေးဆိုင်ရာပြဿနာများအတွက် အဖြေရှာဖွေနိုင်ပြီးနောက်မှာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဒန်နီအိုလ်မိုနဲ့ ပေါဗစ်တာတို့အတွက် ကစားသမားမှတ်ပုံတင်ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဘာစီလိုနာဟာ အဆိုပါကစားသမား ၂ ဦးကို ဒုတိယရာသီဝက်အတွက် မှတ်ပုံတင်စာရင်းပြုလုပ်ဖို့ လာလီဂါထံ လျှောက်ထားခဲ့ပေမယ့် ဘဏ္ဍာရေးဆိုင်ရာအာမခံချက်ရှိနေကြောင်း သက်သေမပြနိုင်ခဲ့တာကြောင့် ပယ်ချထားခံထားရပါတယ်။
၂၀၂၄ ခုနှစ်မှာ စပိန်လက်ရွေးစင်အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အိုလ်မိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ နဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာသို့စတင်ရောက်ရှိချိန်မှာ ကစားသမားဟာ ကလပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေကြောင့် ၂၀၂၄ ခုနှစ်အကုန်ထိသာ ကစားသမားမှတ်ပုံတင်စာရင်းသွင်းနိုင်ခဲ့ပြီး ကျန်တဲ့ဒုတိယရာသီဝက်အတွက်တော့ ယခုလမှာပဲ စာရင်းသွင်းရမှာဖြစ်ပါတယ်။
ဘာစီလိုနာအနေနဲ့ အိုလ်မိုကိုသာမက တိုက်စစ်မှူး ပေါဗစ်တာကိုပါ ဒီဇင်ဘာလ ၃၁ ရက်နေ့နောက်ပိုင်း စာရင်းသွင်းရမှာဖြစ်ပေမယ့် လောလောဆယ်မှာတော့ လာလီဂါဘက်က တောင်းဆိုမှုတွေကို ပယ်ချထားတာဖြစ်ပါတယ်။ သတင်းတွေအရ ဘာစီလိုနာရဲ့တောင်းဆိုမှုကို လာလီဂါက အလွယ်တကူခွင့်ပြုခဲ့မယ်ဆိုရင် ကလပ်အသင်းအများအပြားက လာလီဂါကို တရားစွဲဆိုမှုတွေ ပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။
လက်ရှိအချိန်မှာတော့ ဘာစီလိုနာဟာ အသစ်ပြုပြင်မွမ်းမံနေတဲ့ အိမ်ကွင်းနူးကမ့်မှ အထူးတန်းထိုင်ခုံများကို ပေါင် ၈၃ သန်းဝန်းကျင်နဲ့ရောင်းချနေပြီး အဆိုပါ ဘဏ္ဍာငွေနဲ့အတူ ကစားသမား ၂ ယောက်ကို စာရင်းသွင်းနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ကလပ်ရဲ့အလုပ်အမှုဆောင်အဖွဲ့ဟာ ကစားသမား ၂ ဦးကိုမှတ်ပုံတင်နိုင်ဖို့ အချိန်နဲ့အမျှကြိုးစားနေတာကြောင့် မကြာမီမှာပဲ လာလီဂါထံမှ ခွင့်ပြုမှုကို ရရှိမယ်လို့ ယုံကြည်နေကြတာဖြစ်ပါတယ်။
လာမယ့်ဇန်နဝါရီလ ၄ ရက်နေ့မှာ ဘာစီလိုနာဟာ ကိုပါဒယ်လ်ရေးပွဲစဉ်အဖြစ် ဘာဘက်စ်ထရိုနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လက်ရှိအခြေအနေတွေအရတော့ အဆိုပါပွဲစဉ်မှာ အိုလ်မိုနဲ့ ဗစ်တာတို့ကို ထည့်သွင်းအသုံးပြုခွင့်ရမှာမဟုတ်ပါဘူး။ လာလီဂါအနေနဲ့ အဆိုပါကစားသမား ၂ ဦးကို ဘာစီလိုနာရဲ့ ကစားသမားဝက်ဘ်ဆိုက်ထဲကနေလည်း ထုတ်ပယ်ထားခဲ့ပြီဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်က စတင်ဖွင့်လှစ်နေပြီးဖြစ်ပြီး တကယ်လို့ အိုလ်မိုသာ ဘာစီလိုနာနဲ့ ကစားသမားမှတ်ပုံတင်စာရင်းသွင်းနိုင်ခြင်းမရှိပါက အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တယ်လို့သိရပါတယ်။သို့သော်လည်း စပိန်သားဟာ ဘာစီလိုနာမှာပဲ ဆက်လက်နေထိုင်လိုနေပြီး အသင်းသစ်သို့ပြောင်းရွှေ့ဖို့ ဆန္ဒမရှိဘူးလို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။