The network connection is lost.

Banner Image

အာဆင်နယ်ရဲ့ပစ်မှတ် ဒေါက်ကလပ်စ်လူးဝဇ်ကို ပေါင်သန်း ၅၀ တန်ကြေးသတ်မှတ်ထားတဲ့ အက်စတွန်ဗီလာ

အက်စတွန်ဗီလာအသင်းဟာ အသင်းရဲ့အားထားရတဲ့ကွင်းလယ်လူ ဒေါက်ဂလပ်စ်လူးဝဇ်ကို ပေါင်သန်း ၅၀ အထိတန်ကြေးသတ်မှတ်ထားပြီး ကစားသမားကို ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အပါအဝင် အီတလီစီးရီးအေထိပ်သီးကလပ်တွေဖြစ်တဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ 

အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက အက်စတွန်ဗီလာရဲ့ကွင်းလယ်ကို အဓိကဦးဆောင်ခဲ့သူဖြစ်ပြီး ဂိုးသွင်းယူမှုနဲ့ ဂိုးဖန်တီးမှုပိုင်းမှာလည်း အရည်အသွေးရှိတာကြောင့် ပြိုင်ပွဲစုံမှာ ၁၀ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ အူနိုင်းအမ်မရီရဲ့လက်အောက်မှာ ထွန်းတောက်လာတဲ့ ကွင်းလယ်လူဟာ အက်စတွန်ဗီလာကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် စွမ်းဆောင်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အက်စတွန်ဗီလာအသင်းဟာ လာမယ့်နွေရာသီမှာ ကစားသမားသစ်ခေါ်ယူဖို့အတွက် ပေါင်သန်း ၅၀ အထိအသုံးပြုနိုင်သော်လည်း အသင်းအနေနဲ့ ဘဏ္ဍာငွေကို ထပ်မံရှာဖွေဖို့ စိတ်အားထက်သန်နေတာကြောင့် လူးဝဇ်လိုကွင်းလယ်လူကိုပါ ရောင်းချဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ဗီလာအနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့အတွက်လည်း ပြင်ဆင်နေပြီး လောလောဆယ်မှာတော့ ချဲလ်ဆီးကွင်းလယ်လူ ကော်နာဂယ်လာဟာအတွက် ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပေါင်သန်း ၅၀ အထိတန်ကြေးရှိနေတယ်လို့သိရပါတယ်။ 

ကနဦးက လူးဝဇ်ကိုခေါ်ယူနိုင်ဖို့ ကစားသမားအလဲအထပ်သဘောတူညီချက်နဲ့ ဂျူဗင်တပ်စ်ကဦးဆောင်ထားခဲ့ပေမယ့် ယခုအခါမှာတော့ ကွင်းလယ်လူကို ကာလရှည်စောင့်ကြည့်နေခဲ့တဲ့ အာဆင်နယ်ကပါ အပြောင်းအရွှေ့ပြိုင်ပွဲထဲ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းကလည်း လူးဝဇ်ကိုခေါ်ယူဖို့ အမြင့်ဆုံးကမ်းလှမ်းချက် ပေါင် ၂၅ သန်းအပါအဝင် ၃ ကြိမ်အထိကြိုးစားခဲ့ဖူးပေမယ့် ဗီလာဘက်က အကြိမ်ကြိမ်ပယ်ချထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ နွေရာသီမှာ အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို ဗီလာကပယ်ချပြီးနောက်မှာတော့ အာတီတာက ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ 

ဗီလာဟာ လူးဝဇ်ကို ၂၀၁၉ ခုနှစ်မှာ မန်စီးတီးကနေ ပေါင် ၁၅ သန်းနဲ့ခေါ်ယူခဲ့တာကြောင့် ယခုသတ်မှတ်ထားတဲ့ တန်ကြေးပေါင်သန်း ၅၀ နဲ့သာရောင်းချနိုင်ခဲ့မယ်ဆိုရင် အမြတ်အစွန်းအတော်လေးထွက်လာမှာဖြစ်ပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပြန်လည်ဝယ်ယူခွင့်သဘောတူညီချက်နဲ့ ကွင်းလယ်လူကိုရောင်းချခဲ့ပေမယ့် သဘောတူညီချက်ဟာ ၂၀၂၁ ခုနစ်မှာသက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပါတယ်။