
မှန်ကန်တဲ့ကစားသမားကိုခေါ်ယူဖို့ လုပ်ဆောင်နေကြောင်း အာတီတာ ထုတ်ဖော်ပြောကြား
အာဆင်နယ်အသင်းနည်းပြ အာတီတာက မိမိတို့ဟာ အခုဆောင်းဈေးကွက်မှာ အလုပ်လုပ်နေဆဲဖြစ်ပြီး မှန်ကန်တဲ့ကစားသမားခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီအနည်းငယ်ကတည်းက အာဆင်နယ်ဟာ တိုက်စစ်ပိုင်းမှာ ပြဿနာရှိနေပြီး အခုချိန်မှာလည်း တိုက်စစ်မှူး ဂျီးဆပ်စ်က ဒဏ်ရာကြောင့် ကာလရှည်နားရတော့မှာဖြစ်ပါတယ်။
အဆိုပါအခြေအနေကြောင့် အာဆင်နယ်ဟာ တိုက်စစ်မှူးသစ်ရှာဖွေနေပြီး အဲ့လိုမှသာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်မှာဖြစ်ပါတယ်။ အာဆင်နယ်ဘက်က ကနဦးကမ်းလှမ်းမှုအဖြစ် လိုက်ပ်ဇစ်စတား ဆက်စ်ကိုအား ကမ်းလှမ်းထားတယ်လိုပါ သိရပါတယ်။ ဒါပေမယ့် အခုဆောင်းဈေးကွက်မှာ ခေါ်ယူနိုင်ဖို့တော့ ခက်ခဲနိုင်တာဖြစ်ပြီး အခြားပစ်မှတ်တွေကိုသာ ရှာဖွေရဖွယ်ရှိနေပါတယ်။
အာတီတာကလည်း မိမိတို့ဟာ မှန်ကန်တဲ့ကစားသမားမျိုး ၊ အသင်းကိုအကျိုးပြုနိုင်မယ့်ကစားသမားမျိုးရှာဖွေနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော့်အမြင်က ရှင်းပါတယ်။ ကျွန်တော်တို့ ဆာကာ နဲ့ ဂျီးဆပ်စ်တို့ကို လက်လွှတ်ထားခဲ့ရပါတယ်။ ဂိုးတွေပြတ်လပ်နေပြီး ရွေးချယ်စရာကစားသမားလည်း နည်းပါးနေပါတယ်။ အဲ့တာက ရှင်းလင်းပါတယ်။
တကယ်လို့ အသင်းအတွက်အကျိုးပြုနိုင်မယ့်ကစားသမားတွေ့ခဲ့ရင် ကျွန်တော်တို့ ခေါ်ယူမှာပါ။ ဘယ်ကစားသမားမဆိုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို အကျိုးပြုနိုင်မယ့်ကစားသမားမျိုးပဲ ခေါ်ယူမှာပါ။ ကျွန်တော်တို့ အကူအညီအချို့လိုအပ်ပါတယ်”လို့ အာတီတာက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဆောင်းရာသီဈေးကွက်ပိတ်ဖို့က သိပ်မလိုတော့တဲ့အနေအထားမှာ အာဆင်နယ်အနေနဲ့ ကစားသမားသစ်ခေါ်ယူနိုင်ဖို့ အလျင်အမြန်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။ တကယ်လို့ ဆက်စ်ကိုအားခေါ်ယူချင်တယ်ဆိုရင် အာဆင်နယ်အနေနဲ့ လိုက်ပ်ဇစ်လိုချင်တဲ့အနေအထားမျိုး ပေးရမှာဖြစ်ပါတယ်။