The network connection is lost.

Banner Image

ကျရှုံးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ချီယေဆာအတွက် စိန်ခေါ်မှုအသစ်တစ်ခု ဖန်တီးပေးခဲ့တဲ့ အန်းစလော့

လီဗာပူးအသင်းမှာ ပွဲကစားချိန်ရရှိဖို့ ရုန်းကန်နေရချိန်အတွင်းမှာပဲ ဒုတိယရာသီဝက်အတွက် စိန်ခေါ်မှုတစ်ခုကို ချီယေဆာဆီ အန်းစလော့က ပေးပို့လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ပေါင် ၁၂ သန်းတန်သဘောတူညီမှုဖြင့် ဂျူဗင်တပ်စ်မှ လီဗာပူးဆီ ရောက်ရှိလာတဲ့ အီတလီလက်ရွေးစင်ကစားသမားက အခုအချိန်အထိ အန်းစလော့ရဲ့အသင်းမှာ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ ကြိုးကြာနီတွေရဲ့နည်းပြဖြစ်သူကတော့ ဒဏ်ရာကြောင့် အသက်-၂၇ နှစ်အရွယ်ကစားသမားရဲ့ ရာသီကြိုပြင်ဆင်မှုအားနည်းချက်ဟာ စီနီယာအသင်းအတွက် ပါဝင်ကစားပေးနိုင်မယ့် ပွဲကစားချိန်တွေကို လျော့နည်းစေခဲ့တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယရာသီဝက်ကာလက ပထမရာသီဝက်ကာလထက် ပိုမိုအရေးကြီးလို့ ချီယေဆာအတွက် ပွဲကစားချိန်တွေ ပိုမိုရရှိလာနိုင်တယ်လို့ အန်းစလော့က ရှင်းပြခဲ့ပါတယ်။

သောကြာနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒုတိယရာသီဝက်ကာလအတွက် ချီယေဆာရဲ့အခန်းကဏ္ဍ ဘယ်လိုဖြစ်လာမလဲလို့ မေးခွန်းထုတ်လာမှုကို အန်းစလော့က “ ပွဲစဉ်တိုင်းမှာ ကစားသမားတိုင်းအတွက် ပွဲကစားချိန်ပိုမိုရရှိနိုင်ဖို့ အခွင့်အရေးတစ်ခုရှိတယ်ဆိုတာ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ ဒါက အခက်ကြုံနေရတဲ့ ချီယေဆာတစ်ဦးတည်းအတွက် မဟုတ်ပါဘူး။ စောစောက ပြောခဲ့တဲ့အရာတွေကို ပြန်မပြောချင်တော့ပါဘူး။ ပွဲနေ့ကြံ့ခိုင်မှုပိုင်းအတွက် သူက ကိုဒီဂတ်ပို၊ လူးဝစ်ဒီယက်ဇ်၊ ဒီယေဂိုဂျိုတာ၊ ဒါဝင်နူနက်ဇ်၊ မိုဆာလက်တို့နဲ့ ယှဉ်ပြိုင်သွားရပါမယ်။ ဒီမှာရှိနေတဲ့ လူတိုင်းလည်း မိုဆာလက်လုပ်ပြထားတဲ့ ကိန်းဂဏန်းတွေကို သိထားကြပြီးပါပြီ။ ဒါက မိုဆာလက်ကို ပွဲမတိုင်ခင်(သို့မဟုတ်) ပွဲစဉ်အတွင်း အသုံးမပြုဘဲ ဘေးဖယ်ထားရဖို့အတွက် အကြောင်းပြချက်တစ်ခု မဟုတ်ပါဘူး။ နောက်ပြီးတော့ မိုဆာလက်က အသင်းမှာ အံဝင်ခွင်ကျဖြစ်နေတာကြောင့်လည်း ပါဝင်ပါတယ်။ အရင်ကလည်း အကြိမ်များစွာ ကျွန်တော် ပြောခဲ့ပြီးပါပြီ။ မိုဆာလက်က ရာသီကြိုကာလမှာကတည်းက ကြံ့ခိုင်မှုပိုင်းအကောင်းဆုံးကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး သူ့ရဲ့ပွဲနေ့ကြံ့ခိုင်မှုပိုင်းအတွက်လည်း နေ့စဉ်နေ့တိုင်း လုပ်စရာရှိတာတွေအကုန်လုံးကို လုပ်ဆောင်ပါတယ်။ သူက ပွဲတိုင်းမှာ ပါဝင်ကစားချင်တာပါ။ ဒါကိုလည်း ပွဲတိုင်းမှာ သူ ပြသထားခဲ့ပါတယ်။ ဒါကြောင့် ဒီအချက်က ချီယေဆာအတွက်တင်မက အခြားသူတွေအတွက်လည်း ပွဲကစားချိန်အကန့်အသတ်ရှိနေရခြင်းအကြောင်း ပြောဆိုဆွေးနွေးချိန် အရေးပါတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ချီယေဆာနဲ့ပတ်သက်လို့ အသင်းဆီ သူရောက်ရှိလာမယ့်ပုံစံနဲ့လည်း အတိအကျသက်ဆိုင်ပါတယ်။ အင်္ဂလိပ်စကားလုံးအသုံးအနှုံးကို ကျွန်တော်လည်း မသိတော့ပါဘူး။ ကျန်ကစားသမားတွေအကုန်လုံးက လေ့ကျင့်ချိန်တွေ အများကြီးရှိခဲ့ပြီးပါပြီ။ ပွဲနေ့ကြံ့ခိုင်မှုပိုင်းနဲ့ပတ်သက်လို့ တိုးတက်လာအောင် ချီယေဆာလုပ်ဆောင်သွားဖို့ပဲ လိုအပ်ခဲ့ပါတယ်။ ဒီလိုအကြောင်းအရာတွေစုပေါင်းသွားချိန်မှာ သူ ဘာကြောင့် ပွဲကစားချိန် အများကြီးမရရှိခဲ့သလဲဆိုတာအတွက် အကြောင်းရင်း ဖြစ်လာပါတယ်။ ဒါပေမယ့် ပထမရာသီဝက်ကာလထက် ဒုတိယရာသီဝက်ကာလက ပိုပြီးအရေးကြီးတာကြောင့် သူသာ ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်ဆိုရင် လာမယ့်သီတင်းပတ်တွေ၊ လပိုင်းတွေမှာ သူ့ကို မြင်တွေ့ရပါလိမ့်မယ်။ စောင့်ကြည့်ကြတာပေါ့”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

ချီယေဆာက အတိတ်မှာ အီတလီလက်ရွေးစင်အသင်းကို ယူရို-၂၀၂၀ ချန်ပီယံဖြစ်လာအောင် ကူညီပေးပြီးနောက် ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမားတစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရပေမယ့် ဒဏ်ရာပြဿနာတွေနဲ့အတူ သူ့ရဲ့တိုးတက်မှုကို ရပ်တန့်သွားခဲ့ပါတယ်။ သူက အခုဘောလုံးရာသီမှာလည်း လီဗာပူးအသင်းအတွက် ၁၂၃ မိနစ်သာ ကစားထားနိုင်ပြီး စီရီးအေရပ်ဝန်းဆီပြန်သွားဖို့ ချိတ်ဆက်မှုတွေ ရှိလာခဲ့ပါတယ်။ ကစားသမားရဲ့အေးဂျင့်ဖြစ်သူကတော့ အခုလိုထင်ကြေးပေးမှုတွေကို ပယ်ချခဲ့ပေမယ့် ချီယေဆာသာဆန္ဒရှိမယ်ဆိုရင် နောက်ဆုံးမှာ အပြောင်းအရွှေ့တစ်ခုဖြစ်မြောက်လာနိုင်ပါတယ်။

ချီယေဆာက အခုညနေပိုင်း၊ အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ်အဖြစ် အက်ကရင်တန်အသင်းကို အန်ဖီးလ်မှာ ဧည့်ခံကစားရချိန် သူ့အတွက် လိုအပ်နေတဲ့ပွဲကစားချိန်မိနစ်တွေ ရရှိဖို့ ကြိုးပမ်းသွားပါလိမ့်မယ်။