The network connection is lost.

Banner Image

ချန်ပီယံဂုဏ်ပုဒ်ကို ကာကွယ်ဖို့ ကိုပါအမေရိကကို နိုင်ပွဲနဲ့ စတင်လိုက်တဲ့ အာဂျင်တီးနား

ယနေ့နံနက်အစောပိုင်းက စတင်ကျင်းပခဲ့တဲ့ ကိုပါအမေရိကဖလားအဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ အာဂျင်တီးနားက ကနေဒါကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် နောက်ထပ်တစ်ကြိမ် ချန်ပီယံဖြစ်နိုင်ဖို့ ပထမဆုံးခြေလှမ်းကို စတင်တက်လှမ်းနိုင်ခဲ့ပါတယ်။
 
ကနေဒါဟာ ကမ္ဘာ့အဆင့်မီခြေစွမ်းနဲ့အတူ ဘယ်လက်ရွေးစင်အသင်းနဲ့မဆို ယှဉ်ပြိုင်နိုင်စွမ်းရှိပေမယ့် ကမ္ဘာ့ဖလားချန်ပီယံတွေကိုတော့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။ အာဂျင်တီးနားကလည်း ဘောလုံးကိုင်ပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ပထမပိုင်းအတွင်းမှာတော့ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဒုတိယပိုင်းမှသာ သွင်းဂိုးတွေရရှိခဲ့တာဖြစ်ပါတယ်။
 
ပထမပိုင်းအတွင်းမှာ အာဂျင်တီးနားမှ အိန်ဂျယ်ဒီမာရီယာ၊ အလက်ဆစ်မက်အလစ္စတားတို့က အခွင့်အရေးတွေရရှိခဲ့သလို ကနေဒါမှ စတီဖင်အူစတာကွီယိုကလည်း အပိုင်ခေါင်းတိုက်ခွင့်တွေရခဲ့ပါတယ်။ ထို့နောက်ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားက ကနေဒါရဲ့ မာကျောတဲ့ခံစစ်ကို စတင်ချိုးဖျက်နိုင်ခဲ့တာကြောင့် ၄၉ မိနစ်မှာ မန်စီးတီးကြယ်ပွင့် ဂျူလီယန်အယ်လ်ဗာရက်ဇ်က အသင်းအတွက် ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့ပါတယ်။
 
ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပြီးနောက်မှာတော့ ကနေဒါက လူစားလဲမှုတွေပြုလုပ်ပြီး ချေပဂိုးပြန်လည်ရရှိဖို့ ကြိုးစားအားထုတ်လာခဲ့ပေမယ့် အာဂျင်တီးနား နောက်တန်းရဲ့ကျစ်လစ်မှုကြောင့် အခွင့်အရေးတွေ အများအပြားမဖန်တီးနိုင်ခဲ့ပါဘူး။
 
ထို့နောက် ပွဲကစားချိန် ၈၈ မိနစ်မှာတော့ အာဂျင်တီးနားတို့အနိုင်သေချာစေမယ့်ဂိုး ထပ်မံရရှိခဲ့ပြီး အသင်းရဲ့စူပါစတား လီယွန်နယ်မက်ဆီရဲ့ မှော်ဆန်တဲ့ဖန်တီးပေးပို့မှုကို တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်က ကနေဒါရဲ့လူကျွံထောင်ချောက်ကို ဖောက်ထွက်ကာ သပ်သပ်ရပ်ရပ်အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။