ဘောလုံးပြန်ကစားဖို့ဆုံးဖြတ်ပြီးရင် ဖုန်းကိုင်လိုက်လို့ တိုနီခရူးစ်ဆီ တိုက်တွန်းလိုက်တဲ့ အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက တိုနီခရူးစ်အနေဖြင့် ဘောလုံးလောကအပေါ် လွမ်းဆွတ်တမ်းတမှုတွေ ကြီးကြီးမားမားရှိနေဦးမယ်ဆိုရင် လာမယ့်ဘောလုံးရာသီသစ်မစတင်ခင် ဖုန်းတစ်ချက်လောက်ကိုင်လိုက်ဖို့ပဲ လိုအပ်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။
အသက်-၃၄ နှစ်အရွယ်ရှိ ခရူးစ်က ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး ကစားသမားဘ၀ အနားယူမယ်လို့ လွန်ခဲ့တဲ့သီတင်းပတ်အနည်းငယ်တုန်းက ကြေညာခဲ့ပြီး သူ့ရဲ့နောက်ဆုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကို သိမ်းပိုက်ခဲ့ပါတယ်။ ကလပ်အသင်းမှာ သူ့ရဲ့အကောင်းဆုံးဘောလုံးရာသီတစ်ခုနဲ့အတူ ကစားသမားဘ၀ အဆုံးသတ်လိုက်နိုင်မှုအပေါ် အားရကျေနပ်မိတယ်လို့လည်း ခရူးစ်က ပြောပါတယ်။
ဒါပေမယ့် အန်ဆယ်လော့တီကတော့ တိုနီခရူးစ်ရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့အမြဲတစေညည်းတွားနေခဲ့ပြီး အခုဆုံးဖြတ်ချက်ကိုချမှတ်တဲ့ ခရူးစ်ရဲ့သတ္တိကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဒါပေမယ့် အီတာလျံဝါရင့်နည်းပြကြီးက တိုနီခရူးစ်ဆီ အသင်းဆီပြန်လာနိုင်ဖို့ ဖြစ်နိုင်ခြေတစ်ခုအကြောင်း အသိပေးထားတယ်လို့ ထုတ်ဖော်ပြောကြားပါလိုက်ပါတယ်။
အန်ဆယ်လော့တီက “ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ အရည်အသွေးပိုင်းအတွက် ထူးခြားတဲ့ဥပမာတစ်ခုကတော့ လူကာမိုဒရစ်ပဲ ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ တိုနီခရူးစ်က ကစားသမားဘ၀ ရပ်တန့်ပစ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ခရူးစ်က ဆုံးဖြတ်ချက်ပြတ်သားတဲ့ ဂျာမန်လူမျိုးတစ်ဦးဆိုပေမယ့် သူ မက်ဒရစ်မြို့မှာပဲ ဆက်လက်နေထိုင်သွားပါလိမ့်မယ်။ သူ့ရဲ့စိတ်အပြောင်းအလဲရှိလာမယ်ဆိုရင် ကျွန်တော်တို့အချင်းချင်းကြား ဖုန်းတစ်ခါလောက်ပြောလိုက်ဖို့ပဲ လိုအပ်တယ်လို့ တိုနီခရူးစ်ဆီပြောခဲ့ပြီးပါပြီ”လို့ ဆိုပါတယ်။
ဒါ့အပြင် အန်ဆယ်လော့တီက အခုနွေရာသီ၊ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲမှာ အိမ်ရှင်ဂျာမနီအသင်း အောင်ပွဲခံနိုင်လိမ့်မယ်လို့ ပြောဆိုရင်း တိုနီခရူးစ်နဲ့ သူ့ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းကို အားပေးထောက်ခံလိုက်ပါတယ်။
“အိမ်ကွင်းမှာ ကစားရမယ့် ဂျာမနီအသင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အီတလီကတော့ ၂၀၂၁ ခုနှစ်အောင်ပွဲအပြီး မျိုးဆက်နှစ်ခုအကြား အသွင်ကူးပြောင်းမှုမှာ အားနည်းချက်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့နိုင်ငံလက်ရွေးစင် အသင်းမှာ ဗိုလ်စွဲနိုင်မယ့်အခွင့်အလမ်း ဘယ်လောက်အထိရှိသလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး”လို့ အန်ဆယ်လော့တီက ပြောပါတယ်။
တိုနီခရူးစ်ကတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို အပြောင်းအလဲလုပ်သွားမယ့်ပုံစံမျိုး မတွေ့ရသေးပါဘူး။ ဒါပေမယ့် အန်ဆယ်လော့တီရဲ့လိုလားချက်ကိုလည်း နားလည်ပေးနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ်ကစားသမားဟောင်းက လာမယ့်ရာသီ၊ ရီးရဲလ်မက်ဒရစ်အကယ်ဒမီမှာ သူ့ရဲ့နည်းပြဘဝခရီးလမ်းကို စတင်မယ်လို့ ရှင်းပြခဲ့ဖူးတာကြောင့် အန်ဆယ်လော့တီရဲ့အသင်းမှာ သူ့ကို ပြန်လည်မြင်တွေ့ရဖို့ အလားအလာ နည်းပါးနေပါတယ်။