ဒီလာဖွန်တွေလိုပဲ သူ့မျက်နှာပုံစံကိုပါ တက်တူးရေးထိုးပေးဖို့ ကူကူရယ်လာဆီ မော်ရင်ဟို နောက်ပြောင်ပြောဆို
စပိန်နည်းပြလူးဝစ်ဒီလာဖွန်တေရဲ့မျက်နှာပုံစံကို ခန္ဓာကိုယ်မှာ တက်တူးထိုးထားသလိုမျိုးပဲ သူ့ရဲ့မျက်နှာပုံစံကိုပါ ခန္ဓာကိုယ်မှာ တက်တူးထိုးပေးဖို့ နောက်ခံလူကူကူရယ်လာဆီ ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟိုက ရည်ရွယ်ပြောဆိုလိုက်ပါတယ်။
ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ စပိန်အသင်းသာ ဗိုလ်စွဲမယ်ဆိုရင် ဒီလာဖွန်တွေကို ဂုဏ်ပြုမှုအဖြစ် တက်တူးထိုးပါမယ်လို့ ကူကူရယ်လာကိုယ်တိုင် ကတိပြုခဲ့ပြီး ဇူလိုင်လမှာ ချန်ပီယံရွှေတံဆိပ်နဲ့အတူ အောင်ပွဲခံပြီးနောက် နောက်တစ်ကြိမ်စခန်းသွင်းလေ့ကျင့်မှုဆီ တက်တူးအသစ်နဲ့အတူ ရောက်ရှိလာခဲ့ပါတယ်။
ဒီလာဖွန်တေရဲ့မျက်နှာပုံစံတက်တူးနဲ့ပတ်သက်ပြီး စပိန်ရေဒီယိုလိုင်း Cadena Cope ရဲ့ မေးမြန်းမှုကို ကူကူရယ်လာက "ရိုးရိုးသားသား ပြောရရင် ကျွန်တော် နောင်တမရပါဘူး"
"ခင်ဗျားတို့ ကျွန်တော့်ကို ဒီအကြောင်း မေးမယ်ဆိုတာ ကျွန်တော် သိထားပြီးသားပါ။ တချို့လူတွေဆိုရင် မော်ရင်ဟိုရဲ့မျက်နှာကိုပါ တက်တူးထိုးဖို့ ကျွန်တော့်ကို အကြံပေးကြပါသေးတယ်" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ၊ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာပြီးနောက် သူ့ရဲ့နည်းပြသစ်ကလည်း အလားတူဂုဏ်ပြုမှုမျိုး ပြုလုပ်ဖို့ အကြံပြုပြောဆိုခဲ့တယ်လို့ ကူကူရယ်လာက အတည်ပြုခဲ့ပါတယ်။
သူက "ကျွန်တော့်ရင်ဘတ်ပေါ်မှာ မော်ရင်ဟိုရဲ့မျက်နှာပုံစံ တက်တူးထိုးထားတဲ့ ပုံစံမျိုး ပြုလုပ်ထားတဲ့ ဓာတ်ပုံတစ်ပုံကို မော်ရင်ဟိုက ကျွန်တော့်ဆီ ပို့ပေးခဲ့ပါတယ်။ ဒါကို ကျွန်တော် ကောင်းကောင်း မှတ်မိနေပါသေးတယ်" လို့ ဆိုပါတယ်။
၂၀၂၄ ယူရိုပြိုင်ပွဲမှာ စပိန်အသင်း ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်းမှာလည်း ဆံပင်ကို အနီရောင်ဆိုးပါမယ်ဆိုတဲ့ ကတိကို ကူကူရယ်လာက အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ဖူးပါတယ်။
စပိန်အသင်းက ကြာသပတေးနေ့၊ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် ချက်သမ္မတနိုင်ငံနဲ့ ရင်ဆိုင်ကစားရပါမယ်။