ရင်သပ်ရှုမောဖွယ် ရှုခင်းတွေ၊ ပေါင် ၂,၆၀၀ တန် ဂျာကင်တွေ၊ နာမည်ကြီးပရိသတ်တွေနဲ့ ဇိမ်ခံရေကူးကန်ခရီးစဉ်တွေကို ပိုင်ဆိုင်ထားတဲ့ ကိုမိုအသင်းရဲ့ ကွင်းပြင်ပလျှို့ဝှက်ချက်
စီးရီးအေကလပ်အသင်း ကိုမိုက ဘောလုံးလောကရဲ့ စတိုင်အကျဆုံးကလပ်အသင်းအဖြစ် အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင်ဆင်နွှဲခဲ့ပြီးပါပြီ။
လှပလှတဲ့ ပထဝီဝင်တည်နေရာတစ်ခုတည်းနဲ့တင် ပြိုင်ဘက်တွေထက် ခြေတစ်လှမ်း သာလွန်နေတဲ့ ဒီအီတာလျံကလပ်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ မယုံကြည်နိုင်စရာကောင်းလောက်အောင် အောင်မြင်မှုတွေ ပြန်လည်ရယူပြီးနောက် လိုက်ပ်ဇစ်ကို အနိုင်ယူကာ အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ်ပထမဆုံးနိုင်ပွဲကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။
ဒါပေမဲ့ ကိုမိုအတွက် အမှန်တကယ်ထူးချွန်ပြောင်မြောက်လှတဲ့ လုပ်ဆောင်ချက်တွေကို ကွင်းပြင်ပမှာပဲ မြင်တွေ့ရပါလိမ့်မယ်။ ကိုမိုက အစဉ်အလာရိုးရာဘောလုံးကလပ်အသင်းတစ်ခုလို ရပ်တည်နေမယ့်အစား သူတို့ရဲ့ဘဏ္ဍာငွေ ပိုမိုတိုးပွားလာစေဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ လူနေမှုဘဝပုံစံအမှတ်တံဆိပ်(lifestyle brand) တစ်ခု ဖြစ်လာစေဖို့အထိ အဓိက အာရုံစိုက်ခဲ့ကြပါတယ်။
၂၀၂၄ ခုနှစ်မှာ ကလပ်အသင်းပုံရိပ် အဆင့်မြှင့်တင်ဖို့နဲ့ ငွေကြေးပိုမိုရှာဖွေပေးနိုင်မယ့် မဟာဗျူဟာစီမံကိန်းတစ်ခု ရေးဆွဲဖို့အတွက် Chief Brand Officer အဖြစ် ရူအီဂီဗီလာဆီညော်ကို ခေါ်ယူခဲ့ပါတယ်။
ဆီညော်က လီဘရွန်ဂျိမ်းစ်၊ ယာမယ်လ်၊ ပေါ့ဂ်ဘာတို့လို အားကစားကြယ်ပွင့်တွေအပြင် ကန်းဒရစ်လာမာနဲ့ A$AP Rocky တို့လို ရက်ပ်ပါတွေ ဝတ်ဆင်ကြတဲ့ လော့စ်အိန်ဂျလိစ် အခြေစိုက်အဝတ်အထည်အမှတ်တံဆိပ် Rhude ကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူ့ကို ခန့်အပ်ပြီးချိန်မှစလို့ ကိုမိုက တရားဝင်ပွဲတက်ဝတ်စုံတွေအတွက် Brioni၊ ပေါ့ပေါ့ပါးပါးနဲ့ Streetwear ဝတ်စုံတွေအတွက် Rhude၊ ဇိမ်ခံလက်ပတ်နာရီတွေအတွက် Hublot တို့နဲ့ လက်တွဲခဲ့သလို Lago di Como လို့ ခေါ်တဲ့ ရွက်လှေစီးဝတ်စုံစုစည်းမှု အပါအဝင် ဂျာစီတွေအတွက် Adidas နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ကိုမိုက ဇိမ်ခံရေကူးကန်ခရီးစဉ်တွေနဲ့အတူ Club on the Lake လို့ ခေါ်တဲ့ သီးသန့်ကလပ်တစ်ခုကိုလည်း ဝန်ဆောင်မှု ပေးထားပါသေးတယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ခုနစ်နှစ်လောက်တုန်းကတော့ အခြေအနေတွေဆိုတာ လုံးဝ ခြားနားခဲ့ပါတယ်။
**အရာအားလုံး ပြောင်းလဲသွားခြင်း**
ဒီနေ့မှာတော့ အာဆင်နယ်နဲ့ ချဲလ်ဆီးဂန္ထဝင် ဖာဘရီဂတ်စ်ကိုင်တွယ်နေတဲ့ ကိုမိုက အီတလီဘောလုံးလောကရဲ့ အကြီးမားဆုံးအောင်မြင်မှု ဇာတ်လမ်းတစ်ခု ဖြစ်လာခဲ့ပါပြီ။
အခုလို အောင်မြင်မှုတွေ ပြန်မရခင်မှာ သူတို့က ဒေဝါလီ အကြိမ်ကြိမ် ခံခဲ့ရသလို စီးရီးအေ ပြိုင်ပွဲနဲ့လည်း ၂၁ နှစ်ကြာ ဝေးကွာနေခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ အင်ဒိုနီးရှားစီးကရက်လုပ်ငန်းစုကြီးဖြစ်တဲ့ Djarum Group က သူတို့ရဲ့ လန်ဒန်အခြေစိုက်လုပ်ငန်းခွဲ Sent Entertainment မှတဆင့် ကိုမိုအသင်းကို ဝယ်ယူခဲ့ပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
သူတို့ရဲ့အတွေးကတော့ ရိုးရှင်းပါတယ်။ ဘောလုံးအားကစားကို ကျော်လွန်ပြီး ဖက်ရှင်၊ ဖျော်ဖြေရေး၊ ဧည့်ဝတ်ကျေပွန်မှုနဲ့ ခရီးသွားလုပ်ငန်းတွေကို အသုံးချကာ ပုံမှန်ဝင်ငွေစီးကြောင်းတစ်ခု ဖန်တီးနိုင်ဖို့အတွက် သူတို့ရဲ့ပထဝီဝင်တည်နေရာကို ဘယ်လို အကျိုးရှိရှိအသုံးချမလဲဆိုတာပါပဲ။
ပြီးခဲ့တဲ့ဧပြီလအတွင်း FT သတင်းဌာနနဲ့တွေ့ဆုံချိန် ကိုမိုဥက္ကဋ္ဌ မာဝမ်ဆူဝါဆိုက "ကျွန်တော်တို့က စီးရီးအေမှာ ဆက်လက်ရှင်သန်နိုင်ဖို့တင်မက ကလပ်အသင်းရဲ့အခြေခံအုတ်မြစ်အတွက်ပါ ရင်းနှီးမြှုပ်နှံနေတာပါ။ ကွင်းတွင်းစွမ်းဆောင်ရည်အပေါ် မူတည်မနေဘဲ စီးပွားရေးအရ ရေရှည်တည်တံ့မယ့် လုပ်ငန်းတွေ ဘယ်နေရာမှာ ဖန်တီးနိုင်မလဲဆိုတာကို ရှာဖွေဖော်ထုတ်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးကဏ္ဍ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
**ကမ္ဘာပေါ်မှာ အလှပဆုံးဘောလုံးကွင်း**
စိတ်မကောင်းစရာတစ်ခုကတော့ ကိုမိုရေကန်ကမ်းစပ်မှာ တည်ရှိပြီး ထင်ရှားတဲ့ အလှအပတွေ ပိုင်ဆိုင်ထားပေမဲ့ သူတို့ရဲ့ ဂျူဆက်ပီဆီနီဂါလီယာကွင်းဝင်ငွေဆိုတာ အနည်းငယ်သာ ရှိတယ်ဆိုတဲ့ အချက်ပါပဲ။
ယူအီးအက်ဖ်အေရဲ့သတ်မှတ်ချက်တွေကြောင့် မူလ ပရိသတ် ၁၂,၀၀၀ ဆံ့တဲ့ ကွင်းဝင်ဆံ့မှုကို ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် ၁၁,၀၀၀ သာ ခွင့်ပြုထားပါတယ်။
ဒါပေမဲ့ အလွန်လေးစားဖွယ်ကောင်းတဲ့ လုပ်ရပ်တစ်ခုအဖြစ် ဥရောပထိပ်တန်းကလပ်အသင်းပြိုင်ပွဲမှာ သူတို့ရဲ့ပထမဆုံးပွဲစဉ်အတွေ့အကြုံခံစားနိုင်မယ့် အခွင့်အရေးကို ကိုမိုအသင်းအကြီးအကဲတွေက ကလပ်အသင်းဝါရင့်အမာခံတွေဆီ ပေးအပ်ခဲ့ပါတယ်။
ကွင်းအရွယ်အစားသေးငယ်တယ်ဆိုတာ ကိုမိုရဲ့အလှအပကိုတော့ မမှေးမှိန်စေပါဘူး။
၁၉၂၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ပန်းချီကားတစ်ချပ်လို လှပပါတယ်။ ဟျူးဂရန့်၊ မိုက်ကယ်ဖတ်စ်ဘန်ဒါနဲ့ ကီရာနိုက်တ်လေတို့လို နာမည်ကျော်ထိပ်တန်းအနုပညာရှင်တွေတောင် ဒီဘောလုံးကွင်းကို လာရောက်ကြည့်ရှုခဲ့ဖူးပါတယ်။
ပွဲမစတင်ခင် ကိုမိုကွင်းမှာ ရိုးရာဧည့်ခံဆောင် မရှိလို့ ၁၈ ရာစုမှာ တည်ဆောက်ခဲ့တဲ့ စွဲမက်ဖွယ်ကောင်းတဲ့ Villa Carminati Resta စံအိမ်မှာ သူတို့ကို ဧည့်ခံကျွေးမွေးခဲ့ပါတယ်။
ဂျူဆက်ပီဆီနီဂါလီယာကွင်း အဆင့်မြှင့်တင်ပြုပြင်မွမ်းမံမှုနဲ့ တိုးချဲ့မှုလုပ်ငန်းတွေကိုတော့ ၂၀၂၈ ခုနှစ်မှာ စတင်ဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ ကွင်းဝင်ဆံ့မှုပရိသတ် ၈၃,၁၈၆ ဦးနဲ့ ၇၅,၀၂၄ ဦး အသီးသီး ရှိကြတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို အသင်းကြီးတွေကို ယှဉ်ပြိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကလပ်ဘက်က သိရှိထားပါတယ်။
ဒါကြောင့်လည်း သူတို့အနေနဲ့ ပိုပြီး လိမ္မာပါးနပ်မှုရှိရှိ ကြံဆလာပါတယ်။
**ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချမှု**
Aspen ဒါမှမဟုတ် St. Moritz စတဲ့ နာမည်ကြီး အပန်းဖြေခရီးသွားနေရာတွေရဲ့ အမည် ရိုက်နှိပ်ထားတဲ့ တီရှပ်တွေလိုမျိုး နာမည်ကျော်နေရာတွေကို အခြေခံတဲ့ ဖက်ရှင်ရေစီးကြောင်းမှ စိတ်ကူးရယူပြီး ကိုမိုကလည်း သူတို့ကလပ်ကို အလားတူပုံစံမျိုးနဲ့ စျေးကွက်ချဲ့ထွင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။
ဒါက ကလပ်အသင်းဂျာစီတွေ ရောင်းချရုံထက် ပိုမိုကြီးမားတဲ့ အတွေးအခေါ်တစ်ခု ဖြစ်ပါတယ်။ အဲဒီအစား သူတို့က ကိုမိုရေကန်ကြီးတစ်ခုလုံးကို အသင်းရဲ့ ဉာဏပစ္စည်းတစ်ခုလို သတ်မှတ်ထားကြပါတယ်။
ရှေးဟောင်းပုံစံဝတ်စုံတွေ၊ ၁၉၅၀ ပြည့်လွန်နှစ်ပုံစံပိုလိုရှပ်အင်္ကျီတွေနဲ့ ဆွယ်တာတွေအပြင် ဒေသိယစကားဖြစ်တဲ့ Semm Cumasch ("ကျုပ်တို့က ကိုမိုပဲ")လို့ အမည်ပေးထားတဲ့ အဝတ်အထည်စုစည်းမှုတွေပါဝင်တဲ့ အထူးထုတ်ကုန်စည်အများအပြားကို ဖန်တီးထားပါတယ်။
ကလပ်အသင်းရဲ့တီထွင်ဖန်တီးမှုဆိုင်ရာဒါရိုက်တာ ဗီလာဆီညော်က ဒီနွေရာသီ၊ ကိုမိုမြို့လယ်မှာ Curva လို့ အမည်ရတဲ့ ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်တစ်ခုကိုလည်း စတင်မိတ်ဆက်ခဲ့ပါတယ်။
ဒီအဝတ်အထည်လိုင်းက ကလပ်အသင်းရဲ့ဝိသေသနဲ့ ဘောလုံးယဉ်ကျေးမှုကို ပေါင်းစပ်ထားပြီး သူတို့ရဲ့ ခမ်းနားလှတဲ့ အရောင်းဆိုင်မှာ အေစီမီလန်အသင်းနဲ့သက်ဆိုင်တဲ့ စုစည်းမှုတွေကိုလည်း ထည့်သွင်းပြသထားပါတယ်။
ဒါ့အပြင် သူတို့က ပေါင် ၂,၆၀၀ ဝန်းကျင် တန်ကြေးရှိတဲ့ သားရေအစစ် Rhude Bomber ဂျာကင်တွေနဲ့ ပေါင် ၂၆၀ ဝန်းကျင်တန်ကြေးရှိတဲ့ သိုးမွှေးထည်ပိုလိုရှပ်အင်္ကျီတွေကိုပါ ရောင်းချပေးနေပါတယ်။
တချိန်တည်းမှာပဲ ဗီလာဆီညော်ရဲ့ နောက်ဆုံးပေါ် အမှတ်တံဆိပ်ဖြစ်တဲ့ Rhude 4 Fans က ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အဲဗာတန်၊ တော့တင်ဟမ်၊ အမေရိကန်မေဂျာလိဂ်ထိပ်သီး လော့စ်အိန်ဂျယ်လိအက်ဖ်စီတို့နဲ့ ပူးပေါင်းကာ Streetwear ဝတ်စုံတွေကို ဒီဇိုင်းရေးဆွဲပေးနေပါတယ်။
ကိုမိုက သူတို့ရဲ့ကိုယ်ပိုင်ပရိသတ်တွေအတွက်သာမက ပြိုင်ဘက်အသင်းတွေရဲ့ပရိသတ်တွေအတွက်ပါ ဖက်ရှင်တွေ ဆင်ယင်ခြယ်သပေးနေပါတယ်။
**ဒါတင် မကသေးပါဘူး...**
အမှန်တကယ်တော့ အမှတ်တရပစ္စည်းတွေရောင်းချရမှုဆိုတာ စျေးကြီးတဲ့ အဝတ်အစားတွေအတွက် ပိုက်ဆံအိတ်ဖွင့်ပေးမယ့် ဘောလုံးဖက်ရှင်ချစ်သူတွေအပေါ်မှာ မူတည်နေပါတယ်။
ဒါပေမဲ့ အစစ်အမှန်ငွေကြေးအမြောက်အမြားကိုတော့ အမှန်တကယ်ချမ်းသာကြွယ်ဝသူတွေဆီမှ ရရှိတာ ဖြစ်ပါတယ်။ အဲဒီနေရာမှာလည်း ကိုမိုရေကန်ကြီးက အဓိကအာရုံစိုက်စရာနေရာ ဖြစ်လာပြီး အထူးသဖြင့် ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍအတွက် ဖြစ်ပါတယ်။
ကလပ်အသင်းက ခရီးသွားဧည့်သည်တော်သူဌေးကြီးတွေအတွက် ခမ်းနားတဲ့ စက်လှေစီး ခရီးစဉ်တွေ အပါအဝင် အထူးအတွေ့အကြုံသစ်တွေကို လိမ္မာပါးနပ်စွာ စီစဉ်ပေးထားပါတယ်။
ပေါင် ၁,၅၀၀ ဝန်းကျင် ကုန်ကျမယ့် "007 on Lake Como Riva Boat and Fine Dining Escape" ခရီးစဉ်မှာ သီးသန့် Riva သစ်သားအမြန်လှေစီးခွင့်၊ စံအိမ်ရှုခင်းတွေနဲ့ ကန်ဘောင်ဘေးမှာ အဆင့်မြင့် ညစာသုံးဆောင်ခွင့်တို့ ပါဝင်ပါတယ်။
ပေါင် ၈၄၀ တန်ကြေးရှိတဲ့ "Romance Lake and Sky" အစီအစဉ်ကတော့ စုံတွဲတွေအတွက် သီးသန့်စက်လှေ ဒါမှမဟုတ် ရေပေါ်ပျံလေယာဉ်စီးနင်းရင်း အတူတကွ အမှတ်တရအခိုက်အတန့်တွေ ခံစားနိုင်မယ့် အခွင့်အရေးကို ပေးထားပါတယ်။
သူတို့ရဲ့ဇိမ်ခံဝန်ဆောင်မှုတွေကို ပြီးပြည့်စုံစေတဲ့အချက်ကတော့ Villa Carminati Resta စံအိမ်မှာ ဖွင့်လှစ်ထားတဲ့ သီးသန့်အသင်းဝင် ဘားတစ်ခုဖြစ်တဲ့ Club on the Lake ပဲ ဖြစ်ပါတယ်။
ဧည့်သည်တွေအတွက် ဝင်ကြေးအဖြစ် ပေါင် ၄၃၀ ပေးရပြီး တစ်နှစ်လျှင် အနည်းဆုံး ပေါင် ၄,၀၀၀ မှစတင်တဲ့ နှစ်စဉ်ကြေး ပေးဆောင်ရပါတယ်။ ဒါပေမဲ့ ဒီအသင်းအစုအဖွဲ့ဆီ ဝင်ရောက်ဖို့ဆိုရင် လက်ရှိအသင်းဝင်တစ်ဦးရဲ့ထောက်ခံချက် လိုအပ်ပါတယ်။
ကလပ်အတွင်းပိုင်းမှာတော့ လွန်ဘာဒီဒေသရဲ့ အကောင်းမွန်ဆုံး ရိုးရာအစားအစာတွေကို တည်ခင်းဧည့်ခံပေးတဲ့ ခမ်းခမ်းနားနား စားသောက်ဆိုင်တစ်ခုရှိပြီး ဆိုင်ရဲ့စားဖိုမှူးချုပ်က လတ်ဆတ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ရရှိဖို့အတွက် ဒေသခံလယ်သမားတွေ၊ တံငါသည်တွေနဲ့ အနီးကပ် လက်တွဲလုပ်ဆောင်ပါတယ်။
အမှန်ပါပဲ၊ ကလပ်ထဲမှာ ဘားတစ်ခု ရှိသလို ကိုမိုနဲ့ Rhude ဒီဇိုင်းတွေ ရောင်းချပေးတဲ့ အရောင်းဆိုင်ငယ်လေးတစ်ခုလည်း ရှိပါတယ်။
ကိုမိုကတော့ ဘောလုံးလောကထက် ကျော်လွန်ပြီး ခေတ်ရှေ့ပြေးနေပါတယ်။ သူတို့တွေက ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုအဖြစ် အခိုင်အမာ ခြေချနိုင်ခဲ့ပါပြီ။