အစ္စရေးအပေါ် မှတ်ချက်ပေးခဲ့တဲ့ အချိန်ကာလနဲ့ပတ်သက်ပြီး ပါးနပ်မှုမရှိခဲ့ဘူးလို့ အိုင်ယာလန်နည်းပြဟောဂရင်းဆန် ဝန်ခံ
အစ္စရေးနဲ့ရင်ဆိုင်ရမယ့် နေးရှင်းလိဂ်ပွဲစဉ်တွေအတွက် ပြင်ဆင်နေချိန် ဂါဇာစစ်ပွဲအပေါ် သူ့ရဲ့မှတ်ချက်တွေ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အချိန်ကာလနဲ့ပတ်သက်ပြီး ပါးနပ်မှုမရှိခဲ့ဘူးလို့ အိုင်ယာလန်းနည်းပြဟောဂရင်းဆန်က ဗုဒ္ဓဟူးနေ့မှာ ဝန်ခံပြောကြားခဲ့ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်အတွင်း ဒီအိုက်စလန်လူမျိုးနည်းပြက "ကျွန်တော်တို့က လူမျိုးတုံးသတ်ဖြတ်မှုနဲ့အတူ ကစားနေတာမဟုတ်ပါဘူး၊ လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်ပြီး ကစားနေတာပါ။ ကျွန်တော်တို့က အစ္စရေးနဲ့ ရင်ဆိုင်ကစားနေတာဖြစ်ပြီး အစ္စရေးနဲ့အတူ ကစားနေတာ မဟုတ်ပါဘူး" လို့ ပြောကြားခဲ့ရာ သံတမန်ရေးရာ အငြင်းပွားမှုတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါကြောင့်ပဲ တနင်္လာနေ့မှာ အစ္စရေးဘောလုံးအဖွဲ့ချုပ်က ဟောဂရင်းဆန်ကို "မိုက်မဲမှု၊ အသိပညာကင်းမဲ့မှုနှင့် ဟန်ဆောင်မှု" ရှိနေသူအဖြစ် စွပ်စွဲကာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
နောက်ပိုင်းမှာ အိုင်ယာလန်ဝန်ကြီးချုပ်မာတင်က အသင်းနည်းပြဘက်မှ ရပ်တည်ကာ အစ္စရေးဘောလုံးအဖွဲ့ချုပ်ကိုယ်တိုင် "လက်ခံနိုင်ဖွယ်မရှိတဲ့ ပြောဆိုချက်တွေ"ကို ပြန်လည်ရုပ်သိမ်းသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
"ကမ္ဘာကြီးက သိရှိနားလည်ထားပြီးဖြစ်တဲ့ အရာတွေကို အစ္စရေးအနေနဲ့ ဆက်လက်ငြင်းဆိုနေလို့ မရပါဘူး"လို့ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ နယူးယောက်မြို့ဆီ ရောက်ရှိနေတဲ့ မာတင်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အိုင်ယာလန်က လာမယ့်တနင်္ဂနွေနေ့၊ ဟန်ဂေရီနိုင်ငံ၊ ဒေဘရီဆန်မြို့မှာ အစ္စရေးနဲ့ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားပြီး ခုနစ်ရက်အကြာမှာတော့ ဆာဘီးယားနိုင်ငံ၊ ဘက်ကာတိုပိုလာမြို့မှာ အိမ်ကွင်းပွဲစဉ်အဖြစ် ဒီပြိုင်ဘက်နဲ့ပဲ ထပ်မံရင်ဆိုင်သွားဖို့ ရှိနေပါတယ်။
အိုင်ယာလန်ဘောလုံးအဖွဲ့ချုပ်(FAI) က "မိခင်နိုင်ငံမြေပေါ်တွင် ပွဲကျင်းပရေးအပေါ် ထိခိုက်စေနိုင်သည့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခက်အခဲများ" ကို အကြောင်းပြကာ အစ္စရေးနဲ့ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲစဉ်အတွက် ကြားကွင်းကို ရွေးချယ်ခဲ့ပါတယ်။
အိုင်ယာလန်က နေရှင်းလိဂ်ခရီးစဉ်စတင်မှုအဖြစ် ဒီညမှာ ကိုဆိုဗိုအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားပါမယ်။
"ကျွန်တော့်ရဲ့ပြောကြားချက်တွေကြောင့် ထွက်ပေါ်လာတဲ့ သတင်းခေါင်းကြီးပိုင်းတွေက အရေးအကြီးဆုံးအရာဆီမှ အာရုံတွေကို လွှဲဖယ်သွားစေခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကိုဆိုဗိုနဲ့ကစားရမယ့် အရေးကြီးတဲ့ပွဲစဉ်တစ်ခု ရှိနေပါတယ်" လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဟောဂရင်းဆန်က ပြောကြားခဲ့ပါတယ်။
"ခေါင်းဆောင်မှုရှုထောင့်မှ ကြည့်မယ်ဆိုရင် အခုလိုမျိုး အာရုံလွှဲသွားစေတယ်ဆိုတာ ကျွန်တော့်ရဲ့မပါးနပ်ခဲ့မှုကြောင့် ဖြစ်နိုင်ပါတယ်။
ကျွန်တော်လည်း ပွဲစဉ်အပေါ် အာရုံစိုက်ဖို့ လိုအပ်သလို ကစားသမားတွေလည်း ပွဲစဉ်အပေါ် အာရုံစိုက်ဖို့ လိုပါတယ်။ ရရှိတဲ့ အားပေးထောက်ခံမှုအားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒါ ကျွန်တော်တို့အတွက် ခက်ခဲရှုပ်ထွေးတဲ့ အချိန်ကာလတစ်ခုပါပဲ" လို့ ဆက်ပြောခဲ့ပါတယ်။
အစ္စရေးနှင့်ကစားမယ့်ပွဲစဉ်တွေကို သပိတ်မှောက်ဖို့ လက်ရွေးစင်အသင်းဆီ တိုက်တွန်းတဲ့ အိတ်ဖွင့်ပေးစာတွေမှာ အိုင်ယာလန်အားကစားသမား ၁၆၀ ဦးကျော် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး တနင်္လာနေ့မှာလည်း ဒဗ္ဗလင်မြို့ရှိ အသင်းတည်းခိုရာ ဟိုတယ်အပြင်ဘက်မှာ ဆန္ဒပြသူတွေ စုဝေးခဲ့ကြပါတယ်။ နိုင်ငံတဝန်းမှာလည်း အလားတူဆန္ဒပြမှုတွေ ထပ်မံပြုလုပ်သွားဖို့ စီစဉ်ထားကြပါတယ်။